CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၂

အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရရှိပြီး အစိုးရဖွဲ့လာပါက မြန်မာ့နိုင်ငံရေးအပေါ် ဘယ်လို သက်ရောက်၍ အပြောင်းအလဲများ ဖြစ်လာနိုင်သလဲအပေါ် နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ်လျက် ရှိနေသည်။

လာမည့် နိုဝင်ဘာလတွင် အမေရိကန် သမ္မတရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။

ထို့ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်းအဖြစ်  သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ကာမယ်လာ ဟားရစ် (Kamala Harris) တို့ ယှဉ်ပြိုင် ကြမည် ဖြစ်သည်။

ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ရွေးကောက်ခံရပါက မြန်မာအပေါ် ရန်လိုမှုများ ရပ်တန့်သွားမည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသူကို တွေ့ရစဉ်

၎င်းက “အများကြီး သက်ရောက်မှာပေါ့၊ ဒေါ်နယ်ထရမ့် တက်လာတာနဲ့ တစ်ပြိုင်နက်ထဲ အမေရိကန် ပြည်ထောင်စုကနေပြီးတော့ မြန်မာနိုင်ငံအပေါ် ရန်လိုနေတဲ့အရာတွေ ရပ်တန့်သွားပြီးတော့ ဒီဖက်က ကောင်း ကောင်း ဆက်ဆံလိုက်လို့ရှိရင် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို ဟန့်တားဖို့အတွက်ကို အမေရိကန် ကူညီလာနိုင် တာပေါ့နော်၊ သို့သော် မြန်မာနိုင်ငံအစိုးရကတော့ အမေရိကန်ရဲ့ အကူအညီကို တိုက်ရိုက်ကြီးတော့ တောင်းမှာ မဟုတ်ဘူး၊ ခရိုင်းမီးယားလိုတော့ ယူကရိန်းလို ဖြစ်သွားမှာတော့ သူတို့ နားလည်ပါတယ်။ အဲလောက်ကြီးလည်း မလိုပါဘူးလေ၊ သို့သော်လည်းပဲ အမေရိကန်ဖက်က NUG ကို အကူအညီ မပေးတော့ဘူး။ အကူအညီ ရပ်တန့် လိုက်တယ်ဆိုတာနဲ့ တစ်ပြိုင်နက်ထဲ တပ်က စစ်မျက်နှာကို ပြန်ပြီးတော့ အရှေ့မြောက်ဖက်ကို အင်အားစုစည်း လာနိုင်တာပေါ့နော်” ဟု ပြောသည်။

မြန်မာနိုင်ငံအတွင်းက တော်လှန်ရေးအင်အားစုများကို နည်းပညာနှင့် စစ်လက်နက်ပစ္စည်း မဟုတ်သော ကူညီ ထောက်ပံ့မည့် အစီအစဉ်နှင့်ပတ်သက်ပြီး အမေရိကန်အမျိုးသား ကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA)ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင် အမေရိကန်အထက်လွှတ်တော်က အတည်ပြုခဲ့သည်။

မြန်မာပြည်အရေးကို ပြည်သူလူထုကသာ ဆုံးဖြတ်ရမှာဖြစ်ကြောင်း၊ မည်သည့်နိုင်ငံမှ ဆုံးဖြတ်၍ မရကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဗမာပြည်အရေးကိစ္စကို တကယ့်တကယ် အဆုံးအဖြတ်ပေးမှာ ကျမတို့ ဗမာပြည်သူပဲဗျ၊ ဝမ်ယိလာလာ၊ အမေရိကန်က တွမ်ဆူလပန်လား ဘယ်သူလာလာ၊ ဘယ်သူ ဘာပြောပြော ကျမတို့ပြည်သူက ကိုယ့်ဟာကိုယ် ဆုံးဖြတ်မှာပဲ၊ အဲဒီတော့ ကျမတို့ ပြည်သူမှာ ဆုံးဖြတ်ချက်က နှစ်ရပ်ရှိပြီးသား၊ အဲဒါဘာလဲဆိုတော့ တစ်ခုက ဒီစစ်တပ်ကိုတော့ စေ့စပ်လို့မရဘူး။ အပြတ်ကို တိုက်ရတော့မယ်ဆိုတာ ကျမတို့ ပြည်သူမှာ ပြတ်သားထားတယ်၊ နောက်တစ်ခုက တိုက်မယ်ဆိုလို့ရှိရင် တစ်ဖွဲ့တစ်ယောက်ထဲနဲ့ အကောင်းတိုက်လို့ မရဘူး။ အားလုံးစုပေါင်း တိုက်ရမယ်ဆိုတာ လျာထားတယ်၊ အဲဒီဟာနဲ့ ကျမတို့ ရှေ့ဆက်သွားစရာရှိတာ သွားရမှာပဲဗျ” ဟု ပြောသည်။

 မြန်မာ့တပ်မတော် ဖြုတ်ချရေး ကြိုးပမ်းသူ NUG ၀န်ကြီး ဦးရည်မွန်ကို တွေ့ရစဉ်

အမေရိကန်သမ္မတအဖြစ် မည်သူဖြစ်လာပါစေ မြန်မာ့အိမ်နီးချင်း တရုတ်ကို ပိတ်ဆို့နိုင်ရေး လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဘယ်လိုမျိုးတွေ သက်ရောက်သလဲဆိုရင် ထရမ့်ပဲ တက်တက်၊ ဘယ်သူပဲ တက်တက်ပါ၊ အန်ကယ် မြင်တာကတော့ အမေရိကန်သမ္မတတွေကလည်း တက်လာတဲ့ဟာတွေက တရုတ်ကို ပိတ်ဆို့၊ သူတို့အတွက် အင်အားကြီးအောင်လုပ် ဒါပဲ သူတို့လုပ်မှာပဲ၊ တရုတ်ကလည်း ဒေါ်လာကိစ္စတွေ ဗိုလ်ကျစိုးမိုး နေကြတဲ့ဟာတွေကို အရှေ့တောင်အာရှမှာ ယွမ်ကို တည်ထောင်မယ့် အစရှိသဖြင့်ပေါ့လေ သူ့မှာလည်း အိမ်မက်တွေရှိတယ်။ အခု နောက်ဆုံးပိတ် တရုတ်လုပ်တဲ့ စီမံကိန်းကြီးတွေဆိုရင် အမေရိကန်အတွက် တဖြည်းဖြည်းနဲ့ နယ်မြေကျဉ်း လိုက်တဲ့ သဘောမျိုး ဖြစ်သွားတာ” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြစ်ပေါ်ပြောင်းလဲခဲ့သည့် နိုင်ငံရေး အခင်းအကျင်းအရ အမေရိကန်သည် မြန်မာနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့မှု၊ မြန်မာ့တပ်မတော် ခေါင်းဆောင်အချို့ကို အရေးယူမှုများ ပြုလုပ်လျက်ရှိနေ သလို မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသည့် လက်နက်ကိုင် ခေါင်းဆောင်အချို့အား တွေ့ဆုံဆွေးနွေးမှုများ ရှိနေသည်။