CNI International News

ချီကာဂို၊ ဩဂုတ် ၂၂

အမေရိကန်၏ ရီပတ်ဘလစ်ကန် သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းဖြစ်သည့် ဒေါ်နယ်ထရမ့် (Donald Trump) က ရွေးကောက်ပွဲတွင် သူအနိုင်ရခဲ့မည်ဆိုပါက ရုရှားနှင့် လက်နက်ထိန်းချုပ်ရေးကိစ္စကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

ထို့ပြင် ထရမ့်သည် ဒုံးကျည်ကာကွယ်ရေး စနစ်အသစ်များကို ထုတ်လုပ်ပြီး အမေရိကန်၏ အင်အားကို ပိုမိုခိုင်မာ စေရန် လုပ်ဆောင်လိမ့်မည်ဟုလည်း ၎င်း၏ မဲဆွယ်စည်းရုံးရေး ထိပ်သီးအကြံပေးပုဂ္ဂိုလ် ဘရိုင်ယန် ဟုချ် (Brian Hughes) က ပြောကြားခဲ့သည်။

ရုရှားသတင်းဌာနဖြစ်သည့် တာ့စ်က ထရမ့်အနေဖြင့် ရုရှားနှင့် လက်နက်ထိန်းချုပ်ရေး သဘောတူညီချက် အသစ် များပြုလုပ်ရန် စိတ်ဝင်စားမှု ရှိ/မရှိ ဟုချ်ကို မေးမြန်းခဲ့ရာတွင် "သမ္မတကြီး ထရမ့်က အင်အားတောင့်တင်းမှ ငြိမ်းချမ်းရေးကို ရယူနိုင်လိမ့်မယ်လို့ ယူဆထားပါတယ်"ဟု ဟုချ်က ပြန်လည်ဖြေကြားခဲ့သည်။

၎င်းက "နိုင်ငံကို ပိုမိုအင်အား တောင့်တင်းစေဖို့ အရေးအကြီးအချက်က ဒုံးကျည်ကာကွယ်ရေးစနစ်တွေ ထုတ်လုပ် ဖို့ဆိုတာကို သူ (ထရမ့်) က မကြာခဏ ပြောခဲ့ပါတယ်။ အဲဒီအကြောင်းကိုလည်း ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေ ကတည်း က ပြောလာခဲ့တာပါ။ အဲဒီလို လုပ်မယ်ဆိုရင် အမေရိကန်ပြည်သူတွေကို ကာကွယ်ပေးနိုင်ပြီး ကျနော်တို့ ပိုမို အင်အား တောင့်တင်းလာမှာပါ" ဟု ဆက်လက် ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်နဲ့ ပူတင်ကို တွေ့ရစဉ်

ဟုချ်က "ကမ္ဘာပေါ်မှာ သင်ဟာ အင်အားကြီးမားတဲ့ နေရာမှာ ရှိနေချိန်မှာ သင့်အနေနဲ့ သင်ပြောထားတဲ့ လက်နက်တပ်ဆင်မှု အဆင့်နဲ့ လက်ရှိရှိနေတဲ့ လက်နက်အင်အားကို စဉ်းစားချင့်ချိန် သုံးသပ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီလို တွေ မလုပ်ခဲ့တာကြောင့် အမေရိကန်ဟာ ဒီနေ့အချိန်အခါမှာ အင်အားနည်းတဲ့ နေရာကို ရောက်ရှိနေတာပါ။ အဲဒါကြောင့် ပထမဆုံး အချက်ကတော့ ပထဝီနိုင်ငံရေး ဇာတ်ခုံပေါ်မှာ အမေရိကန်ရဲ့ အင်အား ကို နောက်တစ်ကြိမ် အသိအမှတ်ပြုခံရဖို့ ဖြစ်ပါတယ်။ အဲဒီအခြေအနေဟာ ဘိုင်ဒန်-ဟားရစ် (Biden - Harris) အစိုးရ လက်အောက်မှာ မဖြစ်ခဲ့ပါဘူး" ဟု ပြောကြားခဲ့သည်။

ထရမ့်အနေဖြင့် ရုရှားနှင့် လက်နက် ထိန်းချုပ်ရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးရန် စိတ်ဝင်စားခြင်း ရှိ/ မရှိ သို့မဟုတ် တရုတ်ကိုလည်း လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်ထဲတွင် ထည့်သွင်းရန် ကြိုးပမ်းရန် ရှိ/မရှိကို တာ့စ်သတင်းဌာနက ဟုချ်ကို မေးမြန်းခဲ့သည်။

ထိုသို့ မေးမြန်းခံရစဉ် ဟုချ်က "ကျနော်တို့ဟာ ဒီနေ့မှာ စာချုပ်တွေ ဆွေးနွေးညှိနှိုင်းဦးမှာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျနော်တို့မှာ ဆွေးနွေးညှိနှိုင်းနိုင်မယ့် နေရာတစ်ခုကို မရသေးလို့ပါပဲ။ ကျနော်တို့ နေရာရလာခဲ့မယ် ဆိုရင် (ရွေးကောက်ပွဲနိုင်ခဲ့ရင်) အမေရိကန်ဟာ ကမ္ဘာပေါ်မှာ နောက်တစ်ကြိမ် လေးစားခံရမှာ ဖြစ်ပါတယ်။ အဲဒီ အခြေအနေမျိုးဟာလည်း ဘိုင်ဒန်-ဟားရစ် လက်ထက်မှာ မဖြစ်ခဲ့ပါဘူး" ဟု ပြန်လည် ဖြေကြားခဲ့သည်။

Source: တာ့စ်