CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၅

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် နေတိုးအဖွဲ့အား ဝေဖန်ခဲ့သည့် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) ၏ မှတ်ချက်စကားများကို ရှုတ်ချခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ဘိုင်ဒန်က ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ၎င်း၏ ပြိုင်ဘက် ဖြစ်လာနိုင်ခြေရှိသည့် ထရမ့်သည် အန္တရာယ် ကြီးမားပြီး အမေရိကန် မဆန်သူဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် လွှတ်တော်တွင် ယူကရိန်းအား အကူအညီပေးမည့် ဥပဒေမူကြမ်းနှင့်ပတ်သက်ပြီး သဘောထား ကွဲလွဲနေသည့် ၎င်းတို့နှစ်ဦးအကြား တင်းမာမှုများကို ပိုမိုမြင့်တက်စေခဲသည်။

နေတိုးမဟာမိတ်များ တိုက်ခိုက်ခံရမည်ဆိုပါက အမေရိကန်က ထောက်ပံ့ပေးမည် ဟုတ်၊ မဟုတ်ကို မေးခွန်းထုတ် စရာဖြစ်နေကြောင်း ထရမ့်က ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ပြောကြားခဲ့သည်။

 ထိုပြောကြားချက်ကို ဘိုင်ဒန်က ဖေဖော်ဝါရီ ၁၃ ရက်တွင် ရှုတ်ချခဲ့ခြင်းဖြစ်သည်။

နေတိုးကို တွေ့ရစဉ်

ထရမ့်၏ မှတ်ချက်စကားများကြောင့် ရုရှားကို တိုက်ခိုက်နေသည့် ယူကရိန်းအား အကူအညီပေးရန် တောင်းဆို ထားသော ထောက်ပံ့ရေး အစီအစဉ်ကို လွှတ်တော်က အတည်ပြုရေးသည် ပိုမိုအရေးကြီး လာစေခဲ့သည်ဟု ဘိုင်ဒန်က ပြောသည်။ 

“ဒီဥပဒေမူကြမ်းကို အထက်လွှတ်တော်က အတည်မပြုခင်မှာ အမေရိကန်ရဲ့ လုံခြုံရေးအတွက် လောင်းကြေးတွေ ဟာ မြင့်မားနေခဲ့ပါတယ်။ ဒါပေမယ့် မကြာသေးခင် ရက်တွေမှာတော့ အဲဒီလောင်းကြေးတွေဟာ ပိုပြီး မြင့်မားလာ ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သမ္မတဟောင်း (ထရမ့်)ဟာ အန္တရာယ်ကြီးပြီး အမေရိကန်မဆန်တဲ့ မှတ်ချက်စကား တွေကို ကမ္ဘာကသိအောင် ပြောကြားခဲ့လို့ပါပဲ” ဟု ဘိုင်ဒန်က ပြောသည်။

ဘိုင်ဒန်သည် ဖေဖော်ဝါရီ ၁၀ ရက်က တောင်ကာရိုလိုင်းနား (South Carolina) ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် လူထုစည်းရုံးတွေ့ဆုံပွဲ၌ နေတိုးအဖွဲ့ဝင်ထဲမှ ဆိုးသွမ်းသော နိုင်ငံများကို ရုရှားက တိုက်ခိုက်ခဲ့မည်ဆိုပါက ၎င်း အနေဖြင့် ကာကွယ်ပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

“ကျနော် သင့်ကို ကာကွယ်ပေးမှာ မဟုတ်ပါဘူး။ ဒါအပြင် သူတို့ (ရုရှား)ကို သူတို့စိတ်ကြိုက် တိုက်ခိုက်ဖို့ကို တောင် အားပေးသွားဦးမှာပါ။ သင်အပြစ်လုပ်ထားရင် ပြန်ပေးဆပ်ရမှာပဲ”ဟု ထရမ့်က ပြောကြားခဲ့သည်။

ဘိုင်ဒန်ကမူ ထရမ့်၏ အဆိုပါ မှတ်ချက်စကားများသည် အမေရိကန်၏ မဟာမိတ်များကို ကျူးကျော်တိုက်ခိုက်ရန် ရုရှားအား ဖိတ်ခေါ်နေသလို ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

“အမေရိကန်သမ္မတဟောင်း တစ်ယောက်က အဲဒီလိုပြောလိမ့်မယ်လို့ သင်တို့အနေနဲ့ တွေးတောင် တွေးကြည့်ဖူးပါ့ မလား။ အဲဒီစကားကို တစ်ကမ္ဘာလုံးက ကြားသွားခဲ့ပါပြီ။ သူပြောတဲ့ အဓိပ္ပာယ်က အဆိုးရွားဆုံးပါပဲ”ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား