CNI International News

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၁၅

ပင်လယ်နက် (Black Sea)အတွင်းရှိ ရုရှား၏ ကမ်းတက်သင်္ဘောတစ်စင်းကို ရေတပ်ဒရုန်းတစ်စင်းဖြင့် တိုက်ခိုက် ပြီး နှစ်မြှုပ်ပစ်နိုင်ခဲ့သည်ဟု ယူကရိန်းစစ်တပ်က ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့ သည်။

၂၀၁၄ ခုနှစ်က ရုရှားတို့ သိမ်းပိုက်ခဲ့သည့် ခရိုင်းမီးယားကျွန်းဆွယ် (Crimean Peninsula) ၏ တောင်ဘက်စွန်း အလူပကာ (Alupka) မြို့အနီးတွင် ရုရှား၏ Ceasar Kunikov ကုန်း/ရေ နှစ်သွယ်သုံးသင်္ဘောကို တိုက်ခိုက် နှစ်မြှုပ်ခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းစစ်ဦးစီးချုပ်က ပြောကြားခဲ့သည်။

သို့သော်လည်း ရုရှားအာဏာပိုင်များကမူ ယူကရိန်း၏ ပြောကြားချက်ကို အတည်ပြုခဲ့ခြင်းမရှိပေ။

ယူကရိန်းစစ်တပ်ကို တွေ့ရစဉ်

ယူကရိန်း၏ ပြောကြားချက်အရ နစ်မြုပ်သွားခဲ့သည့် ရုရှားသင်္ဘောသည် သင်္ဘောသား ၈၇ ဦးကို တင်ဆောင်နိုင် ကြောင်း သိရသည်။

သင်္ဘောနှစ်မြှုပ်ခံရမှုသည် ရုရှား၏ ပင်လယ်နက် စစ်သင်္ဘောအုပ်စုအတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်ပြီး ရုရှား၏ ကျူးကျော်စစ် စတင်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျရောက်မည့် ၂ နှစ်ပြည့် နှစ်ပတ်လည်မတိုင်မီ ၁၀ ရက်အလို၌ ယူကရိန်း၏ ကြီးမားသည့် အောင်မြင်မှု တစ်ခုဖြစ်သည်။

ယူကရိန်းသည် လက်နက်ခဲယမ်းများနှင့် စစ်မှုထမ်းအင်အား နည်းပါးလာသဖြင့် လက်ရှိတွင် ခံစစ်အနေအထားဖြင့် တိုက်ခိုက်နေရသော်လည်း ကီလိုမီတာ ၁၅၀၀ (မိုင် ၉၃၀) အရှည်ရှိသည့် ရှေ့တန်းစစ်မြေပြင်၌  တိုက်ခိုက်မှုများ ကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။
ပင်လယ်နက်တွင် ရုရှားသင်္ဘောတစ်စင်းကို နှစ်မြှုပ်နိုင်ခဲ့ကြောင်း ယူကရိန်း၏ ပြောကြားချက်သည် သီတင်း နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်သည်။

ကမ်းခြေ လေ့ကျင့်မှု တစ်ခုကိုတွေ့ရစဉ်

ပြီးခဲ့သည့် သီတင်းပတ်ကလည်း ယူကရိန်းသည် ရုရှား၏ ဒုံးကျည်တပ်ဆင်ထားသည့် Ivanovets သင်္ဘောကို ရေတပ်ဒရုန်းတစ်စင်းဖြင့် ပစ်ခတ်နှစ်မြှုပ်ခဲ့သည့် ဗွီဒီယိုဖိုင်ကို အင်တာနက်တွင် ဖော်ပြခဲ့သည်။ 

ယူကရိန်း စစ်ထောက်လှမ်းရေးအဖွဲ့ (GUR) ၏ ထုတ်ပြန်ချက်တွင် ယူကရိန်း၏ အထူးစစ်ဆင်ရေးအဖွဲ့ဖြစ်သည့် Group 13 သည် ဖေဖော်ဝါရီ ၁၄ ရက်က Magura V5 ရေကြောင်းတိုက်ခိုက်ရေး ဒရုန်းများကို အသုံးပြုပြီး ရုရှား၏ Ceasar Kunikov သင်္ဘောအား တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်က ရုရှား၏ Ivanovets စစ်သင်္ဘောကို တိုက်ခိုက်မှုကိုလည်း ထိုအဖွဲ့ကပင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ယူကရိန်းအာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

Source: အေပီ