CNI International News

ကိယက်ဗ်၊ ဒီဇင်ဘာ ၂၁

ယူကရိန်းစစ်တပ်သည် တပ်သားသစ် ၄၅၀,၀၀၀ မှ ၅၀၀,၀၀၀ အထိ စုဆောင်းရန် အဆိုပြုခဲ့ပြီး ထိုအဆိုပြုချက်ကို ဆွေးနွေးမှုများ ပြုလုပ်ရန်လိုအပ်ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy)က ပြောကြား ခဲ့သည်။

စစ်တပ်၏ တပ်သားသစ် စုဆောင်းမည့် အဆိုပြုချက်သည် အလွန်ထိလွယ်ရှလွယ်ရှိသည့် အရေးကိစ္စဖြစ်သဖြင့် ထိုအဆိုပြုချက်ကို လွှတ်တော်သို့ မတင်သွင်းမီ စစ်တပ်နှင့် အစိုးရအဖွဲ့အကြား ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ဇာလန်းစကီးက နှစ်ကုန်ပိုင်းတွင် ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထိုအဆိုပြုချက်ကို အတည်မပြုမီ တပ်သားသစ်များ စုဆောင်းမည့် အစီအစဉ်များနှင့်ပတ်သက်ပြီး အချေအတင် ဆွေးနွေးမှုများကို ပိုမိုနားထောင်ချင်ကြောင်း ပြောကြားခဲ့သည်။ 

"ဒါက တော်တော်များပြားတဲ့ တပ်သားသစ် စုဆောင်းမှု အရေအတွက် ဖြစ်ပါတယ်။ ဒီအဆိုပြုချက်နဲ့ ပတ်သက်ပြီး မေးခွန်းတွေ ရှိနေပါတယ်။ ပြည်သူတွေဆီက ကြားရမယ့် မေးခွန်းတွေ၊ တပ်သားသစ် စုဆောင်မှုမှာ သာတူညီမျှမှု နဲ့ပတ်သက်တဲ့ မေးခွန်းတွေ၊ စစ်တပ်ရဲ့ စွမ်းဆောင်ရည်အပေါ် မေးခွန်းတွေနဲ့ ငွေကြေးပိုင်းအရ မေးခွန်းတွေ ရှိနေ ပါတယ်" ဟု ဇာလန်းစကီးက ပြောသည်။ 

ယူကရိန်းစစ်တပ်ကိုတွေ့ရစဉ်

ရုရှား၏ ကျူးကျော်စစ်ကာလ အစောပိုင်းက ယူကရိန်းတွင် မိမိသဘောဆန္ဒအလျောက် စစ်တပ်ထဲဝင်ရောက် တိုက်ခိုက်ခဲ့သူများ ရှိခဲ့သော်လည်း လက်ရှိမှာတော့ ရှေ့တန်းသို့ ပို့ထားသည့် စစ်သားများ၏နေရာတွင် စစ်သား အင်အား အစားထိုး ဖြည့်ဆည်းရန် နောက်တန်း၌ တပ်သားသစ်များ စုဆောင်းလျက်ရှိသည်။

စစ်ပွဲစတင် ဖြစ်ပွားခဲ့ချိန်ကတည်းက ယခုအချိန်အထိ ရုရှားနှင့်် ယူကရိန်းသည် ၎င်းတို့ဘက်မှ ထိခိုက်ကျဆုံးသည့် စစ်သားအရေအတွက်ကို ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း နှစ်ဘက်စလုံးတွင် ထိခိုက်သေဆုံးသူ အရေအတွက် ထောင်၊သောင်းချီ ရှိနိုင်ကြောင်း အမေရိကန်အရာရှိများက ခန့်မှန်းထားသည်။

ယူကရိန်း၏ စစ်သားအရေအတွက်ကို မသိရသော်လည်း စစ်ပွဲမဖြစ်ပွားမီ ယူကရိန်း၏ ပြောကြားချက်များအရ ယူကရိန်းစစ်တပ်တွင် စစ်သားအင်အား ၁ သန်းနီးပါးရှိကြောင်း သိရသည်။

ရုရှားနိုင်ငံကမူ စစ်ပွဲအတွင်း ၎င်း၏ တပ်ဖွဲ့ဝင်အင်အားကို တိုးမြှင့်ခဲ့ပြီး ရုရှားစစ်သား အရေအတွက်ကို ၁ ဒသမ ၅ သန်းအထိ မြှင့်တင်ရန်စီစဉ်ထားကြောင်း ဒီဇင်ဘာ ၁၉ ရက်က ပြောကြားခဲ့သည်။

Source: ရိုက်တာ