CNI International News

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၁

အမေရိကန်သည် အီရန်တွင် ဒရုန်းများ ထုတ်လုပ်ရန် ကုန်သွယ်ရေး တားမြစ်ကန့်သတ်ချက်များကို ရှောင်ကွင်းပြီး ဒရုန်းအစိတ်အပိုင်းများအား ထောက်ပံ့ပေးနေသည့် ကွန်ရက်တစ်ခုကို ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။ 

အဆိုပါ ပိတ်ဆို့မှု အစီအစဉ်များသည် အီရန်သို့ တားမြစ်ပိတ်ပင်ခံထားရသည့် အစိတ်အပိုင်းများကို ပေးပို့နေသော ပြည်ပကုမ္ပဏီများ၏ ကွန်ရက်တစ်ခုကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အီရန်နိုင်ငံတွင် ထုတ်လုပ်ခဲ့သည့် ဒရုန်းများသည် အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲများ၌ တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။

အမေရိကန်၏ ပိတ်ဆို့မှုများထဲတွင် အဖွဲ့အစည်း ၁၀ ခုနှင့် လူပုဂ္ဂိုလ် ၄ ဦးတို့ကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ 

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကိုတွေ့ရစဉ်

ပိတ်ဆို့ခံခဲ့ရသည့် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများသည် အီရန်၊ မလေးရှား၊ ဟောင်ကောင်နှင့် အင်ဒိုနီးရှား နိုင်ငံတို့ တွင် အခြေစိုက်ပြီး ကွန်ရက်ဖွဲ့လှုပ်ရှားနေကြောင်း အမေရိကန်က ပြောကြားခဲ့သည်။ 

ထိုကွန်ရက်သည် အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ လေကြောင်းအာကာသ အဖွဲ့အစည်းအတွက် ဒေါ်လာ သောင်းချီတန်ဖိုးရှိသည့် ဒရုန်းအစိတ်အပိုင်းများကို ထောက်ပံ့ပေးနေသည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန က ပြောသည်။

ထို့ပြင် အီရန်သည် အရှေ့အလယ်ပိုင်းနှင့် ရုရှားရှိ အကြမ်းဖက်အဖွဲ့များကို ဒရုန်းများ ထောက်ပံ့ပေးနေသည်ဟု  အမေရိကန်အစိုးရက စွပ်စွဲခဲ့သည်။

အမေရိကန် တရားရေးဝန်ကြီးဌာနကလည်း ဒီဇင်ဘာ ၁၉ ရက်တွင် ထိုကွန်ရက်၏ ခေါင်းဆောင်ဟု ယူဆရသည့် ဟော့စိန် ဟာတီဖီ အာဒါကာနီ (Hatefi Ardakani) ကို စွပ်စွဲပြစ်တင်မှု ပြုလုပ်ခဲ့သည်။ 

အီရန်အခြေစိုက် အာဒါကာနီသည် အမေရိကန်လုပ် လျှပ်စစ်ပစ္စည်းများကို တရားမဝင်ဝယ်ယူပြီး အီရန်သို့ ထောက်ပံ့ ပို့ဆောင်ပေးရန် ပူးပေါင်းကြံစည်မှုစွဲချက်များဖြင့် စွပ်စွဲခံထားရသည်။ 

အီရန်သည် ယူကရိန်းစစ်ပွဲတွင် ရုရှားအား ဒရုန်းများ အပါအဝင် လက်နက်များ ထောက်ပံ့ပေးနေသည်ဟု ကာလကြာရှည် စွပ်စွဲခံနေရသော်လည်း အီရန်ကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

Source: အယ်လ်ဂျာဇီးယား