CNI International News

ဝါရှင်တန်၊ မေလ ၂၀

အမေရိကန်နှင့် အီရန်ကြား စစ်ပွဲဖြစ်ပွားခဲ့ပြီး သုံးလကျော်အကြာတွင် ရေနံစျေး၊ စတော့စျေးကွက်နှင့် ငွေကြေး တန်ဖိုးများ လှုပ်ခတ်သွားသဖြင့် ဗဟိုဘဏ်များသည် ငွေဖောင်းပွမှုဒဏ်ကို ရင်ဆိုင်နေရကြောင်း The Nation မှ ဖော်ပြခဲ့သည်။

လက်ရှိ အခြေအနေတွင် ရေနံစိမ်း စျေးနှုန်းသည် ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်ကာ ရေနံတစ်စည်လျှင် ဒေါ်လာ ၁၀၀ အထက်သို့ ရောက်ရှိသွားပြီး စီးပွားရေး အင်အားကြီးနိုင်ငံများက အရန်ရေနံစည်ပေါင်း သန်း ၄၀၀ ထုတ်ရောင်းနေသော်လည်း စျေးနှုန်းများ မြင့်တက်နေဆဲဖြစ်သည်။

အမေရိကန်ဒေါ်လာသည် အခြား ငွေကြေးများနှင့် ယှဉ်လျှင် ၁ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုခိုင်မာလာကာ ရွှေနှင့် အခြား လုံခြုံစိတ်ချရသော ရင်းနှီးမြှုပ်နှံမှုများထက် သာလွန်ပြီး ရေပန်းအစားဆုံး ဖြစ်လာခဲ့သည်။

ကမ္ဘာ့စတော့ စျေးကွက်တွင်မူ AI နည်းပညာအပေါ် မျှော်လင့်ချက်များကြောင့် အမေရိကန်နှင့် တောင်ကိုရီးယား (KOSPI) စတော့စျေးကွက်များ စံချိန်တင်မြင့်တက်ခဲ့ပြီး၊ ချစ်ပ်ပြား ထုတ်လုပ်သည့် SK hynix ကုမ္ပဏီ၏ ကာလ တန်ဖိုးသည် ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၁ ထရီလျံ ကျော်လွန်သွားသည်။

စက်သုံးဆီပိုက်ကို တွေ့ရစဉ်

အမေရိကန်သည် စွမ်းအင်ဖူလုံပြီး AI ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ စီးဝင်နေသဖြင့် စီးပွားရေး ထိခိုက်မှုနည်းပါး ကာ၊ တရုတ် ယွမ်ငွေသည်လည်း ၎င်းတို့၏ ပြည်တွင်း စွမ်းအင် အရန်အင်အားကြောင့် အာရှတွင် တစ်ခုတည်း သော တည်ငြိမ်ခိုင်မာသည့် ငွေကြေးအဖြစ် ရပ်တည်နေသည်။

အာရှဒေသသည် ဟော်မုဇ်ရေလက်ကြားမှတဆင့် ရေနံတင်သွင်းမှု ၈၀ ရာခိုင်နှုန်းအထိ မှီခိုနေရသဖြင့် စစ်ပွဲ ကြောင့် ရေနံလမ်းကြောင်း ပြတ်တောက်ကာ အထိခိုက်ဆုံးဒေသ ဖြစ်လာခဲ့သည်။

ထို့ကြောင့် အိန္ဒိယ၏ ရူပီး၊ အင်ဒိုနီးရှား၏ ရူပီယာနှင့် ဖိလစ်ပိုင်၏ ပီဆို ငွေကြေးတန်ဖိုးများ စံချိန်တင် ထိုးကျသွား ပြီး အချို့နိုင်ငံများက အရန်ငွေများ ထုတ်သုံးခဲ့ရသလို သီရိလင်္ကာနိုင်ငံတွင် အတိုးနှုန်းကို ၁ ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့ရသည်။

ဥရောပဒေသတွင်လည်း ရေနံစျေး ကြီးမြင့်မှုကြောင့် ယူရိုဇုန်၏ စီးပွားရေး လုပ်ဆောင်မှုများမှာ ၂ နှစ်ခွဲ ကာလ အတွင်း အဆိုးရွားဆုံး ကျဆင်းသွားပြီး အင်္ဂလန်နိုင်ငံရှိ လုပ်ငန်းများ၌ပါ အရောင်းအဝယ်နှင့် စီးပွားရေး လှုပ်ရှား မှုများ သိသိသာသာ လျော့ကျသွားသည်။

ဗဟိုဘဏ်များက အတိုးနှုန်းကို ရေရှည် မြှင့်တင်ထားမည်ဟု ရင်းနှီးမြှုပ်နှံသူများမှ မျှော်လင့်နေသဖြင့် အစိုးရ ငွေတိုက်စာချုပ် စျေးနှုန်းများ ကျဆင်းကာ အမေရိကန်၏ ၃၀ နှစ် သက်တမ်းရှိ ငွေတိုက်စာချုပ် အကျိုးအမြတ် သည် ၂၀၀၇ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်သည့် ၅ ရာခိုင်နှုန်း အထက်သို့လည်းကောင်း၊ ဂျာမနီ ငွေတိုက်စာချုပ် အကျိုးအမြတ်သည် ၁၅ နှစ်အတွင်း အမြင့်ဆုံးသို့လည်းကောင်း ရောက်ရှိခဲ့သည်။

သို့သော် စစ်ပွဲဒဏ်ကြောင့် ကမ္ဘာတစ်ဝန်း လေကြောင်းလိုင်းများ ပြတ်တောက်ကာ S&P 500 လေကြောင်းလိုင်း စတော့ညွှန်းကိန်း ၆ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။

Source: The Nation