CNI International News

ဘန်ကောက်၊ မေလ ၂၉

ထိုင်းနှင့် ဗီယက်နမ်တို့သည် ပိုမိုခိုင်မာသော ထောက်ပံ့ရေးကွင်းဆက်များ၊ ကုန်သွယ်မှု တိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အချိတ်အဆက်များကို ဖော်ဆောင်ရန်အတွက် ပြိုင်ဘက်အဖြစ်မှ မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ်သို့ ကူးပြောင်းနေကြောင်း The Nation မှ ဖော်ပြခဲ့သည်။

ထိုင်းဝန်ကြီးချုပ် အနူတင် (Anutin Charnvirakul ) သည် ကာလကြာရှည် တည်ရှိခဲ့သော ပြိုင်ဆိုင်မှုများကို မဟာဗျူဟာမြောက် စီးပွားရေးမိတ်ဖက်အဖြစ် ပြောင်းလဲရန် ဗီယက်နမ်သမ္မတ တိုလမ် ( Tô Lâm)နှင့်  ဘန်ကောက်မြို့၌ တွေ့ဆုံခဲ့သည်။

မေလ ၂၇ ရက်မှ ၂၉ ရက်အထိ ကြာမြင့်မည့် ထိုခရီးစဉ်သည် တိုလမ်အတွက် ဗီယက်နမ်သမ္မတ ရာထူးကို ရယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ထိုင်းနိုင်ငံသို့ လာရောက်သည့် တရားဝင်ခရီးစဉ် ဖြစ်သည်။

ယခုခရီးစဉ်သည် ၁၉၇၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၅၀)ပြည့်မြောက်သည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ထိုင်းဝန်ကြီးချုပ် အနူတင်ကို တွေ့ရစဉ်

နှစ်နိုင်ငံစလုံးသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ရရှိရန် အပြိုင်အဆိုင် ကြိုးပမ်းနေသည့် ပြိုင်ဘက်များအဖြစ်မှ ပြောင်းလဲလာသော ကမ္ဘာ့ထောက်ပံ့ရေး ကွင်းဆက် လုပ်ငန်းများတွင် အပြန်အလှန် ထောက်ကူပေးနိုင်မည့် မိတ်ဖက်များအဖြစ် ပုံဖော်ရန် ကြိုးပမ်းနေသည်။

ဗီယက်နမ်သမ္မတ တိုလမ်နှင့် ဇနီးဖြစ်သူ ငိုဖန်လီ (Ngô Phương Ly) တို့သည် ထိုင်းခရီးစဉ်၏ ပထမဆုံးနေ့ ဖြစ်သည့် မေလ ၂၇ ရက်က အူဒွန်သာနီ (Udon Thani) ပြည်နယ်ရှိ ဟိုချီမင်း အထိမ်းအမှတ် ဗိမာန်သို့ ပထမဆုံး သွားရောက်ခဲ့ကြသည်။

ထို့နောက် မြို့တော် ဘန်ကောက်မြို့သို့ မလာရောက်မီ အူဒွန်သာနီပြည်နယ်ရှိ ထိုင်း-ဗီယက်နမ် လူမှု အသိုင်းအဝိုင်းနှင့်လည်း တွေ့ဆုံခဲ့သည်။

ဗီယက်နမ်သမ္မတ တိုလမ်ကို တွေ့ရစဉ်

အူဒွန်သာနီပြည်နယ်ကို သွားရောက်ရန် ရွေးချယ်ခဲ့ခြင်းမှာ ပြည်သူအချင်းချင်း ချိတ်ဆက်မှုကို အလေးထား ကြောင်း ပြသလိုခြင်းဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးသည် သံတမန်ရေးရာထက် ကျော်လွန်ပြီး မျိုးဆက်ပေါင်းများစွာ နက်ရှိုင်းစွာ အမြစ်တွယ်နေမှုကို ပေါ်လွင်စေသည်။

မေလ ၂၈ ရက်တွင် အစိုးရအဖွဲ့ရုံး၌ နိုင်ငံတော်သီချင်းများ တီးမှုတ်ခြင်းနှင့် ဂုဏ်ပြုတပ်ဖွဲ့များ အပါအဝင် ဗီယက်နမ်သမ္မတ တိုလမ်အား စစ်ရေးပြ အခမ်းအနားဖြင့် ကြိုဆိုခဲ့ကြသည်။

ထို့နောက် တိုလမ်နှင့် အနူတင်တို့သည် သီးသန့် တွေ့ဆုံခဲ့ပြီး ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကာ နားလည်မှုစာချွန်လွှာ (MOU) များ လဲလှယ်ခြင်း၊ ပူးတွဲ သတင်းထုတ်ပြန်ခြင်းနှင့် တရားဝင် ဂုဏ်ပြုညစာစားပွဲတို့ ပြုလုပ်ခဲ့သည်။ 

Source: The Nation