CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၈
မြန်မာသမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ယခုရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယသမ္မတနှင့် တွေ့ဆုံမည်ဖြစ်သည်။

ထို့အပြင် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ဆွေးနွေးပွဲများ ကျင်းပခြင်းတို့အပြင် အိန္ဒိယ အစိုးရအဖွဲ့ ဝင် ဝန်ကြီးများ၊ ပြည်နယ် အကြီးအကဲများနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံ တွေ့ဆုံ သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အလားတူ အထင်ကရ အခြေခံအဆောက်အဦ စီမံကိန်းများကို လေ့လာသွားမည်ဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ ကဏ္ဍများ အပါအဝင် ကဏ္ဍ ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက်က တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့သည်။
