CNI News

၂၀၂၆ ခုနှစ်၊ မေလ ၂၈

ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေးအတွက် ပထမဦးဆုံး မှတ်ပုံတင်တွင် ရှမ်းနီလူမျိုး တရားဝင် သတ်မှတ် ရေး လွှတ်တော်၌ တင်ပြသွားမည်ဟု တိုင်းလိုင်(ရှမ်းနီ)တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တိုင်းရင်းသား ၁၃၅ မျိုးတွင် ရှမ်းနီ မပါဝင်ခြင်းကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန်အတွက် တရားဝင် နာမည် အသိအမှတ်ပြုရေး လိုအပ်နေခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသား ၁၃၅ မျိုးတွင် တိုင်းလိုင်-တိုင်းလျန် ဆိုပြီး အသိအမှတ်ပြုထားကြောင်း၊ တိုင်းလိုင်-တိုင်းလျန် ဆိုသည်မှာ တိုင်း(ရှမ်း)- လိုင်/လျန် (အနီရောင်)ဖြစ်ပြီး ဗမာ စကားအရ တိုက်ရိုက် ဘာသာပြန်ပါက ရှမ်းနီသာဖြစ်ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားလူမျိုးများ၏ နာမည်ကို အသိအမှတ် ပြုပေး၍ ရနိုင်သကဲ့သို့ ပယ်ဖျက်၍လည်း ရနိုင်သည်ဟု ပါရှိသည်။

ရှမ်းနီလူမျိုး တရားဝင် အသိအမှတ်ပြုပေးဖို့ တောင်းဆိုကြစဉ်

ထို့ကြောင့် ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေါ်ထွန်းရေးအတွက် ရှမ်းနီနာမည်ကို တရားဝင် ရရှိရေး လွှတ်တော် တွင် တင်ပြသွားမည်ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ ၂၀၀၈ အခြေခံဥပဒေ ရေးဆွဲစဉ်အခါတုန်းက ညီလာခံရဲ့ ချမှတ်ထားတဲ့ မူရှိတယ်လေ။ ၁၀၄ ချက်မူဆိုတာ။ အဲဒီမူထဲမှာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ထက်ကို တစ်မြို့နယ်ထဲမှာ လူဦးရေက ၅၀ ရာခိုင်နှုန်း ကျော်ရ မယ်။ မြို့နယ် ၂ မြို့နယ် တစ်ဆက်တည်း ရှိတယ်ဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တင်ပြ တောင်းဆိုခွင့် ရှိတယ်ဆို ပြီးတော့ ဒါက ညီလာခံမူထဲမှာ ချမှတ်ထားတာ ဖြစ်ပါတယ်။ အဲဒီ ညီလာခံရဲ့မူနဲ့အညီပဲ နာဂတို့၊ ကိုးကန့်တို့၊ “ဝ” တို့၊ ပအိုဝ်းတို့၊ ပလောင်တို့၊ ဓနုတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရခဲ့ကြတာပေါ့နော်။ သူတို့နဲ့ ကျနော်တို့ မတူကြခြင်း အကြောင်းအရင်းက ဘာရှိလဲဆိုတဲ့ အခါကျတော့ ရှမ်းနီတွေက လူမျိုးစာရင်း မပေါက်သေးဘူး လူမျိုးသာရှိတာ။ လူမျိုးစာရင်း တစ်မျိုးတည်းပေါက်အောင် ကြိုးစားတဲ့အခါမှာလည်း  တချို့က တိုင်းလျန် ဖြစ်ချင်တယ်။ တချို့က တိုင်းလိုင် ဖြစ်ချင်တယ်။ တချို့က ရှမ်းနီဖြစ်ချင်တယ်။ တချို့က တိုင်းလိုင်း ဖြစ်ချင်တယ်။ အဲဒါကတော့ သဘောထား ကွဲလွဲ မှုတွေ ရှိနေတဲ့အခါကျတော့ ကျနော်တို့ အဓိကလုပ်ရမယ့် ကိစ္စကတော့ ကျနော်တို့ လူဦးရေ များများရအောင် လူဦးရေစာရင်း များများပေါက်နိုင်တဲ့ အမည်ကို ကျနော်တို့ လွှတ်တော်မှာ တင်ဖို့တော့ လိုအပ်မယ်။ လွှတ်တော်ကို တင်ပြပြီးတော့မှ လွှတ်တော်က အတည်ပြုခဲ့မယ်ဆိုရင် ကျနော်တို့က နောက်တစ်ဆင့် အနေနဲ့ ဘယ်မြို့နယ်မှာ ကျနော်တို့လူဦးရေ အများဆုံးရှိလဲဆိုတာကို သုံးသပ်ပြီးတော့မှ အဲဒီမြို့နယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းရ မှာ ဖြစ်ပါတယ်။ အဲဒါက အခု ကျနော်တို့ ပါတီအနေနဲ့ကတော့ ရှမ်းနီအမည်ကို တင်သွင်းဖို့တော့ ဆုံးဖြတ်ထား တယ်။ ဒါလည်း ကျနော်တို့ ပြည်သူနဲ့ ပြန်ပြီးညှိနှိုင်းအုံးမှာပါ” ဟု ပြောသည်။

ရှမ်းနီတိုင်းရင်းသားများအတွက် ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခု ပေါ်ပေါက်ရေးအတွက် ရှမ်းနီအမျိုးသားများကောင်စီ(SNNC)ကို ၂၀၂၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။

ထို့နောက် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) သည်လည်း ရှမ်းနီလူမျိုးများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး လက်နက်ကိုင် လှုပ်ရှားလျက် ရှိနေသည်။

လက်ရှိ လူဦးရေ အနေအထားအရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ဟုမ္မလင်းနှင့် ဗန်းမောက်မြို့နယ်တို့ကို ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရရှိနိုင်သည်ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နဲ့ ရှမ်းနီလူထုကို တွေ့ရစဉ်

၎င်းက “အခုဆိုရင် ကျနော်တို့ လူဦးရေ အချိုးအစားအရ ကြည့်မယ်ဆိုရင် ဟုမ္မလင်းမြို့နယ်မှာ ၈၀ ရာခိုင်နှုန်းရှိ တယ်၊ ရှမ်းလူဦးရေပေါ့နော်။ ကျနော်တို့က လက်ရှိ ရှမ်းစာရင်းနဲ့ပဲ သွားနေရတာ ဖြစ်ပါတယ်။ ရှမ်းလူဦးရေ ၈၀ ရာခိုင်နှုန်းကျော်ရှိတယ်။ နောက် ဗန်းမောက်မြို့နယ်မှာ ၆၈ ရာခိုင်နှုန်းကျော်ရှိတယ်။ အဲဒီဥစ္စာက တခြား ရှမ်းတွေ မရှိပါဘူး။ ကျနော်တို့ ရှမ်းနီလူမျိုးတွေချည်းပါပဲ။ ရှမ်းနီလူမျိုးသာ အမည်ပေါက်ခဲ့မယ်ဆိုရင် အဲဒီတိုင်းဒေသကြီးမှာ ပထမဦးဆုံး ရနိုင်တဲ့ မြို့နယ် ၂ မြို့နယ်စာပဲ ရှိတယ်၊ သူတို့ပေးထားတဲ့ အမည်စာရင်းနဲ့ ကိုက်ညီတယ်ပေါ့နော်။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့တွေက လဝကစာရင်းမှာ အမည်ပေါက်ခဲ့မယ်ဆိုရင် ကျနော်တို့ လူမျိုးအရ ကျနော်တို့လူမျိုးတွေ ခံစားပိုင်ခွင့်တွေ ကျနော်တို့ တောင်းဆိုရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ရှမ်းနီလူမျိုးများကတော့ တချိန်က မိမိတို့ ဒေသများဖြစ်သည့် မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်းခရိုင်၊ ဗန်းမော်ခရိုင်နှင့် ခန္တီးခရိုင်၊ ဟုမ္မလင်းခရိုင်၊ တမူးခရိုင်၊ ကလေးခရိုင်တို့ကို စုစည်း၍ ရှမ်းနီပြည်နယ်ရရှိရေး တောင်းဆိုလျက်ရှိသည်။

အဆိုပါ ဒေသများသည် လက်ရှိမှာတော့ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ပါဝင်နေသလို အစိုးရနှင့် ကချင်လက်နက်ကိုင်(KIA)၏ လက်ခံနိုင်ခြေလည်း အားနည်းသည့်အတွက် ရှမ်းနီလူမျိုးများ၏ နယ်မြေ တောင်းဆိုမှုမှာ အခက်အခဲများ ကြုံတွေ့ရမည်ဖြစ်သည်။

ထို့ကြောင့် ရှမ်းနီလူမျိုးများအနေဖြင့် နိုင်ငံရေးပါတီ၊ လက်နက်ကိုင်၊ လူထုတို့သည် စည်းလုံးညီညွတ်ရန် လိုအပ်ပြီး တောင်းဆိုမှုများကို တစ်သံတည်းဖြစ်ရန်လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။