CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၂
မြန်မာ့တပ်မတော် အနေဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို ထိန်းညှိချင်ပါက ရှမ်းနီပြည်သူ့စစ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) တို့ကို လက်နက်အပြည့်အစုံ တပ်ဆင်ပေးသင့်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဗန်းမောက်ဒေသ ကာကွယ်ရေးကတော့ ကျနော့် အမြင်ကတော့လေ ကျနော်တို့ ကချင်ပြည်နယ်မှာ KIA အနေနဲ့ ဆွေးနွေးညှိနှိုင်းမှု ရပြီဆိုရင်တော့ သူရဲ့မွေးထားတဲ့ ကလေးတွေလိုပဲလေ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း PDF တွေ တော်တော်များများကတော့ ဒီဘက်က KIA ကိုပဲ အဓိကကိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီဘက်က ငြိမ်းငြိမ်းချမ်း ချမ်း ဖြစ်သွားအောင် ဆိုရင်လည်း ရှမ်းနီဒေသမှာရှိတဲ့ ရှမ်းနီလူမျိုးတွေကို ရှမ်းနီလူမျိုးတွေကတော့ နိုင်ငံတော်ကို လည်း ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ဖူးဘူး။ နိုင်ငံတော်ပျက်ဆီးမယ့် အရေးကိုလည်း ဘယ်တော့မှ လုပ်ခဲ့ဖူးတဲ့ လူမျိုးမဟုတ်ဘူး။ အဲဒီအခါကြတော့ KIA ကို ထိန်းညှိချင်တယ်ဆိုရင် ရှမ်းနီလူမျိုးတွေက ပြည်သူ့စစ်ရှိမယ်၊ SNA ရှိမယ်။ အဲဒါလေးကို လက်နက်အပြည့်အစုံ တပ်ဆင်ပေးပြီးမှ လုပ်ပေးခဲ့မယ်ဆိုရင် KIA ကို နိုင်ငံရေး၊ စစ်ရေးအရ တော့ အများကြီး ထိန်းညှိသွားနိုင်မယ်လို့ ကျနော်ပြောချင်တယ်” ဟု ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ဗန်းမောက်မြို့ကို KIA-PDF-ကတူး ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်က သိမ်းပိုက်ခဲ့ပြီးနောက် မြို့နယ်ဆေးရုံ၊ ရဲစခန်း၊ ထွေအုပ်ရုံး အစရှိသည့် ဌာနဆိုင်ရာများကို ထိန်းချုပ်ထားဖြစ်သည်။

စစ်ကိုင်းတိုင်းထဲမှာ KIA ထိန်းချုပ်ထားတဲ့ မြို့တွေကို တွေ့ရစဉ်
ထိုသို့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ကသာခရိုင်ထဲက ဗန်းမောက်မြို့ကို မြန်မာ့တပ်မတော်နှင့် ရှမ်းနီအမျိုးသားတပ်မတော်(SNA)တို့ ပြန်လည် ဝင်ရောက်လာလျက်ရှိကာ ဟိုတယ်များ ရှိသည့်နေရာအထိ SNA ဘက်မှ ပြန်လည်ရယူထားနိုင်ပြီးဖြစ်ကြောင်း သိရသည်။
KIA-PDF ပူးပေါင်းတပ်ဖွဲ့များသည် တပ်ဆုတ်ကြရာတွင် အဆောက်အဦများကို မီးရှို့၍ တပ်ဆုတ်ကြသည့် အတွက် ဗန်းမောက်မြို့သည် ပြာပုံတစ်ခုသဖွယ် ဖြစ်တော့မည်ဟုလည်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က ပြောသည်။
နိုင်ငံတော်အနေဖြင့် နိုင်ငံငြိမ်းချမ်းရေးအတွက် ရှမ်းနီလူမျိုးများအား လက်နက် တပ်ဆင်ပေးမည်ဆိုပါက အများ ကြီး အကျိုးရှိနိုင်ကြောင်း ၎င်းက ပြောသည်။
၎င်းက “အရင်တုန်းကလည်း လုပ်ခဲ့ဖူးတယ် အဲဒီလိုမျိုး။ ၉၄ ငြိမ်းချမ်းရေး မယူခင်ပေါ့။ ရှမ်းနီလူမျိုးတွေကို လက်နက်တပ်ဆင်ပေးတဲ့ အတိုင်းအတာလေးတွေ လုပ်ပြီးတော့မှ KIA နဲ့ ငြိမ်းချမ်းရေး စကားပြောတဲ့ အတိုင်း အတာလည်း ရှိခဲ့ဖူးတယ်ဆိုတဲ့ အခါကြတော့ ယနေ့အချိန်မှာ ရှမ်းနီတွေလည်း သူအင်အား ရှိသင့်သလောက် ရှိလာပြီ။ ဒါပေမယ့် လိုအပ်တာတော့ လက်နက်ပဲ။ နိုင်ငံတော်က ရှမ်းနီကို လက်နက်တပ်ဆင် ပေးမယ်ဆိုရင်တော့ နိုင်ငံငြိမ်းချမ်းရေးအတွက်ကို အများကြီး အကျိုးရှိနိုင်ပါတယ်။ တိုင်းရင်းသားအချင်းချင်း ရန်တိုက်ပေးတာတော့ မဟုတ်ဘူး။ နိုင်ငံငြိမ်းချမ်းရေး အတွက်ကတော့ လုပ်ဆောင်ပေးသင့်တယ်လို့ ကျနော် ပြောချင်တယ်။ နိုင်ငံရေး ကတော့ ကျနော်တို့ သူတို့ကို စကားအများကြီး ပြောလို့ရပါတယ်။ လက်နက်က အပြည့်အစုံ ရှိသွားပြီဆိုရင် ပိုလို့ ပြောအားရှိတာပေါ့” ဟု ပြောသည်။

ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းကနေ အနောက်မြောက်ဒေသတစ်လျှောက် ဆက်စပ်မှုကိုတွေ့ရစဉ်
လက်ရှိတွင် KIA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့အထိ အင်အား တည်ဆောက်၍ လှုပ်ရှားလာခဲ့ရာ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအဖြစ် ရပ်တည်လျက် ရှိသည်။
လတ်တလောမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဗန်းမောက်၊ ပင်လည်ဘူး၊ အင်းတော်၊ ရွှေပြည်အေး၊ ခမ်း ပတ် စသည့် မြို့နယ်များကို KIA-PDF က ထိန်းချုပ်ထားပြီး ထိုမှတဆင့် ဟုမ္မလင်း၊ ကသာ၊ ဖောင်းပြင်၊ ထီးချိုင့်၊ ကောလင်း စသည့် မြို့များကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်ရန် ပြင်ဆင်လျက်ရှိနေသည်။
ဟုမ္မလင်းမြို့ကို ထိန်းချုပ်နိုင်ပါက KIA သည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း တစ်ကြောလုံးကို ထိန်းချုပ်သွား နိုင်မည်ဖြစ်သလို ကသာမြို့အား ထိန်းချုပ်နိုင်ပါက ကောလင်း၊ ထီးချိုင့်၊ ကန့်ဘလူကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်း လာနိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ထို့နောက် KIA သည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် စသည့် မြန်မာနိုင်ငံ ၏ အနောက်မြောက်ဒေသတစ်လျှောက် လွတ်မြောက်ရေးကို ကြိုးပမ်းနေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ် များက ထောက်ပြသည်။
SNA သည် ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ထိုအချိန်က အားမကောင်းခဲ့သော်လည်း ယခု မျက်မှောက်ခေတ်မှာတော့ အင်အားကြီးလာသလို နယ်မြေတော်တော်များများလည်း လှုပ်ရှားလာနေ နိုင်သည်ကို တွေ့ရသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တွေ့ရစဉ်
လက်ရှိတွင် SNA သည် တပ်မဟာ (၅)ခုကို ဖွဲ့စည်းထားသည်။ တပ်မဟာ ၇၅၃ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ရွှေပြည်အေးမြို့နယ်၊ ချင်းတွင်းမြစ်တစ်လျှောက် မင်းကင်းအစပ်ထိ လှုပ်ရှားသည်။
တပ်မဟာ ၉၇၂ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်- နမ့်တောစံပြကျေးရွာမှ ဥရုချောင်းတစ် လျှောက်၊ ဆယ်ဇင်း-ဖားကန့်၊ အင်းတော်ကြီးတစ်လျှောက်၊ ကားမိုင်းဒေသ စသည့် နယ်မြေများတွင် လှုပ်ရှား သည်။
တပ်မဟာ ၈၉၁ သည် စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်၊ သောင်သွတ်၊ ချင်းတွင်းတစ်ဖက်ကမ်း သနန့်မြို့ သစ်၊ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ အိန္ဒိယနယ်စပ်တို့တွင် လှုပ်ရှားသည်။
တပ်မဟာ ၆၁၄ သည် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်၊ အင်းတော်မြို့နယ်၊ ဝန်သိုအစပ်နှင့် အထက် ကချင်ပြည်နယ် သံလမ်းရိုးတစ်လျှောက် လှုပ်ရှားသည်။
တပ်မဟာ ၅၆၅ သည် ကချင်ပြည်နယ်၊ မိုးညှင်း-မိုးကောင်းနှင့် အင်းတော်ကြီးဒေသတို့မှာ လှုပ်ရှားလျက်ရှိသည်။
