CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂
စပိန်အသင်းက ဆော်ဒီအသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ သူ့ရဲ့ပထမဆုံး ကမ္ဘာ့ဖလားသွင်းဂိုးကို သွင်းယူ နိုင်ခဲ့တဲ့ ယာမဲလ်က ငယ်ဘဝ အိပ်မက်တစ်ခုကို အကောင်အထည် ဖော်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ယာမဲလ်က “ဒါဟာ ထူးခြားပါတယ်။ ကျနော်ဟာ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားဖို့ အမြဲတမ်း အိပ်မက်မက်ခဲ့ပြီး ပထမဆုံး ပွဲထွက်လူစာရင်းထဲ ပါဝင်တဲ့ပွဲမှာ ဂိုးသွင်းဖို့ကလည်း အိပ်မက်တစ်ခုပါပဲ။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျောင်းမှာကြည့်ခဲ့ရပြီး အခုဒီမှာရှိနေတာက အလွန်ကောင်းမွန်ပါတယ်။ ကျနော့်အမေနဲ့ ကျနော့် မိသားစုအတွက် ကျနော် အလွန်ဂုဏ်ယူတယ်”လို့ DAZN ကို ပြောခဲ့တာပါ။
စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေဟာ ဆော်ဒီအသင်းနဲ့ပွဲမှာ ယာမဲလ်ကို ပွဲထွက် လူစာရင်းထဲ ထည့်သွင်းခဲ့ပြီး သူဟာ ပွဲချိန် ၁၀ မိနစ်မှာ အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
အသက် ၁၈ နှစ်အရွယ်ရှိ ယာမဲလ်ဟာ အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းမှာ ၈ ဦးမြောက် အသက်အငယ်ဆုံး ဂိုးသွင်းတဲ့သူအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
တံကောက်ကြောဒဏ်ရာ ရခဲ့ပြီးနောက် ကြံ့ခိုင်မှုပိုင်းကောင်းမွန်အောင် ပြုလုပ်နေရတဲ့ ယာမဲလ်ဟာ ကိပ်ဗာဒီ အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲမှာ နောက်ဆုံး ၁၉ မိနစ်သာ ပါဝင်ကစားခဲ့ရတာပါ။

ယာမဲလ်ကို တွေ့ရစဉ်
ဆော်ဒီအသင်းနဲ့ ပထမပိုင်းအပြီးမှာ စပိန်အသင်းဟာ ယာမဲလ်ကို လူစားလဲပြီး အနားပေးခဲ့ပါတယ်။
စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေက ယာမဲလ်ဟာ အချိန်အကြာကြီး ကစားနိုင်ပေမယ့် ပွဲရလဒ်နဲ့ ဒီပွဲကို ထိန်းချုပ်ထားတဲ့ အခြေအနေတွေကြောင့် လူစားလဲခဲ့တာဖြစ်ပြီး လာမယ့်ပွဲမှာ ပွဲချိန်ပြည့် ပါဝင်နိုင်တယ်လို့ ပြောခဲ့တာပါ။
ယာမဲလ်ကလည်း သူဟာ စပိန်အသင်းအတွက် အမြဲတမ်း ရာနှုန်းပြည့် ပေးဆပ်သွားမယ်လို့ ပြောခဲ့ပါတယ်။
၂ ပွဲ ကစားအပြီးမှာ ၄ မှတ် ရရှိထားတဲ့ စပိန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲအဖြစ် ဥရုဂွေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အနိမ့်ဆုံး သရေတစ်မှတ် ရယူနိုင်ရင် နောက်တစ်ဆင့်တက်မှာပါ။
ဥရုဂွေးအသင်းကတော့ ကိပ်ဗာဒီအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့လို့ ၂ မှတ်သာရရှိထားပြီး စပိန်အသင်းနဲ့ပွဲမှာ နိုင်ပွဲ ရယူနိုင်ဖို့ ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။
Source: ESPN
