CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၂
ဘာစီလိုနာအသင်းကြယ်ပွင့် ယာမဲလ်ဟာ ပေါင်ခြံဒဏ်ရာကြောင့် ဂျော်ဂျီယာ၊ တူရကီအသင်းတို့နဲ့ ယှဉ်ပြိုင်မယ့် စပိန်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်တွေကို လွဲချော်ခဲ့ပါတယ်။
စပိန်အသင်းဟာ ယာမဲလ်ကို ပြီးခဲ့တဲ့အပတ်က လက်ရွေးစင်အသင်းအတွက် ခေါ်ယူခဲ့ပေမယ့် စပိန်ဘောလုံး အဖွဲ့ချုပ်တောင် မသိလိုက်ဘဲ တနင်္လာနေ့က ဘာစီလိုနာမှာ ကုသမှုခံယူခဲ့တာပါ။
စပိန်ဘောလုံးအဖွဲ့ချုပ်က ဒီအခြေအနေကို အသိမပေးတဲ့ ဘာစီလိုနာအသင်းရဲ့ ဆုံးဖြတ်ချက်ကို အံ့အားသင့် ပေမယ့် ယာမဲလ် ၇ ရက်ကနေ ၁၀ ရက်အထိ အနားယူရမှာကို လက်ခံခဲ့ပြီး သူ့ကို ဘာစီလိုနာအသင်းထံ ပြန်ဖို့ခွင့်ပြုခဲ့ပါတယ်။
စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေကတော့ ဘာစီလိုနာအသင်းရဲ့ ဒီအခြေအနေ ကိုင်တွယ်မှုကို အံ့အားသင့်ပြီး စိတ်ပျက်မိတယ်လို့ RNE နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ယာမဲလ်ကိုတွေ့ရစဉ်
ဒယ်လာဖွန်တေက “ဒီလိုအခြေအနေမျိုးကို ကျနော် ဘယ်တုန်းကမှ မကြုံတွေ့ဖူးပါဘူး။ ဒါက ပုံမှန်လို့လည်း ကျနော် မထင်ပါဘူး။ ဒါက တခြားသူတွေလိုပဲ ကျနော့်ကို အံ့အားသင့်စေပါတယ်။ ဘာမှမကြားရသလို အသေး စိတ် အချက်အလက်တွေကိုလည်း မသိရပါဘူး။ ဒါက ကျန်းမာရေးနဲ့ ကြံ့ခိုင်မှုလို့ပြောမှာ ဖြစ်ပေမယ့် အံ့အားသင့်ဖို့ ကောင်းပါတယ်”လို့ ပြောခဲ့ပါတယ်။
ယာမဲလ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာက စပိန်အသင်းအတွက် ပါဝင်ကစားပြီး ဒဏ်ရာရခဲ့တာကြောင့် ဘာစီလိုနာနဲ့ စပိန်အသင်းတို့အကြားမှာ တင်းမာမှုတွေ ရှိခဲ့တာပါ။
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က စပိန်အသင်းဟာ ယာမဲလ်ကို ကောင်းမွန်စွာ ဂရုမစိုက်ဘူးလို့ စွပ်စွဲခဲ့ပြီး စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေကတော့ ဟန်ဆီဖလစ်ရဲ့ ပြောဆိုမှုတွေကို စိတ်မဝင်စားဘူးလို့ ပြန်တုန့်ပြန် ခဲ့ပါတယ်။
ယာမဲလ်ဟာ ဘာစီလိုနာအသင်း နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆ ပွဲစလုံး ပွဲထွက်ခဲ့ပြီး ၄ ဂိုးသွင်းယူကာ ဂိုးဖန်တီး မှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။
စပိန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၄ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့် နိုင်ပွဲရရှိထားပြီး နောက်ဆုံး ၂ ပွဲ စလုံးမှာ ရလဒ်ကောင်း ရယူနိုင်တာနဲ့ ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။
Source: ESPN
