CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ စပိန်အသင်းဟာ အုပ်စု အဖွင့်ပွဲမှာ ကိပ်ဗာဒီအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပေမယ့် နည်းပြ ဒယ်လာဖွန်တေက ဒီရလဒ်ဟာ အသင်းအတွက် ထိတ်လန့်စရာမရှိဘူးလို့ ပြောခဲ့ပါတယ်။
ဒယ်လာဖွန်တေက “ဘာတွေပဲဖြစ်ဖြစ် အသင်းဟာ ယုံကြည်စိတ်ချရပါတယ်။ ကျနော်တို့က မယုံကြည်နိုင် လောက်အောင် ယုံကြည်စိတ်ချရတဲ့ အသင်းဖြစ်ပြီး လာမယ့်ပွဲမှာ ပိုပြီးကောင်းလာမယ်ဆိုတာ သေချာပါတယ်။ ကျနော်တို့ တိုးတက်အောင် လုပ်ရမယ့် အရာတွေရှိနေပေမယ့် သွားရမယ့် လမ်းကြောင်းအတိုင်း ဆက်သွားမှာပါ။ ကိပ်ဗာဒီအသင်းကတော့ သူတို့လုပ်ရမယ့်အရာကို ကောင်းမွန်စွာ လုပ်နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
စပိန်အသင်းဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၂၇ ကြိမ်၊ ဂိုးပေါက်တည့်မှု ၇ ကြိမ်အထိ ရှိခဲ့ပေမယ့် ကိပ်ဗာဒီ အသင်းရဲ့ အသက် ၄၀ နှစ်အရွယ် ဂိုးသမား ဗိုဇင်ဟာကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။
ဗိုဇင်ဟာ,ဟာ ဒီပွဲမှာ ပြသခဲ့တဲ့ လက်စွမ်းတွေကြောင့် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့တဲ့ ကိပ်ဗာဒီအသင်းကို အဖိုးတန်ရမှတ် ရယူပေးနိုင်ခဲ့တာပါ။

စပိန်အသင်း ယှဉ်ပြိုင်နေစဉ်
စပိန်အသင်းဟာ ဒီပွဲရလဒ်ကြောင့် လာမယ့်ပွဲတွေအတွက် ဖိအားတွေရှိနိုင်တယ်လို့ ပြောနေကြပေမယ့် နည်းပြ ဒယ်လာဖွန်တေက သူတိုထိတ်လန့်နေမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
စပိန်အသင်းခေါင်းဆောင် ရိုဒရီက သူတို့စိတ်ရှည်ရမယ်ဆိုတာ သိသလို ကြံ့ခိုင်မှုကောင်းတဲ့ အသင်းနဲ့ ရင်ဆိုင်ရ တာက ခက်ခဲပေမယ့် ဂိုးတွေ သွင်းယူတဲ့အပိုင်းမှာ တိုးတက်အောင် လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။
စပိန်အသင်းရဲ့ အုပ်စုတွင်းက ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆော်ဒီနဲ့ဥရုဂွေး အသင်းပွဲလည်း ၁ ဂိုးစီ သရေကျခဲ့တာပါ။
အဲ့ဒါကြောင့် အုပ်စုအဖွင့်ပွဲအပြီးမှာ ၄ သင်းစလုံးဟာ ရမှတ် ၁ မှတ်စီသာ ရရှိထားပါတယ်။
စပိန်အသင်းဟာ အုပ်စုဒုတိယပွဲအဖြစ် ဇွန်လ ၂၁ ရက်မှာ ဆော်ဒီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
