CNI Sport News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂

အီရန်အသင်းဟာ စစ်ပွဲနဲ့ဆက်စပ်တဲ့ အနှောင့်အယှက်တွေ၊ ခရီးသွားလာတာ ခက်ခဲမှု၊ ပြင်ဆင်တာ အကန့် အသတ်သာရှိတဲ့ အခြေအနေတွေကနေ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံးပွဲမရှိ စတင်နိုင်မှုကို သူတို့ရဲ့ဘောလုံးသမိုင်းမှာ မှတ်တမ်းတင် ခံရလိမ့်မယ်လို့ နည်းပြဂါလီနိုအီက ပြောခဲ့ပါတယ်။ 

ဂါလီနိုအီက “ကျနော်တို့ဟာ ၆ လလောက် စစ်ပွဲ အခြေအနေမှာရှိခဲ့ပြီး လိဂ်လည်း မစတင်နိုင်ခဲ့ပါဘူး။ အသင်း အများအပြားက ကျနော်တို့နဲ့ ကစားမယ့်ပွဲတွေကို ဖျက်ခဲ့ကြပါတယ်။ ကျနော်တို့ဟာ အဆိုးရွားဆုံး အခြေအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရောက်လာခဲ့ရတာပါ။ ရှုံးပွဲမရှိ စတင်နိုင်မှုက ကြီးမားတဲ့ အောင်မြင်မှုဖြစ်ပြီး ကမ္ဘာပေါ်မှာ ဘယ်အသင်းကမှ ဒီလိုအခြေအနေမျိုးကို ခံနိုင်ရည်ရှိပြီး ကစားနိုင်မယ်လို့ မထင်ကြောင်း” ပြောခဲ့တာပါ။ 

အီရန်အသင်းဟာ ကမ္ဘာ့ဖလားအုပ်စု ဒုတိယမြောက်ပွဲအဖြစ်ကစားခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းနဲ့ပွဲမှာ ဂိုးမရှိ သရေ ကျခဲ့ပါတယ်။

အီရန်အသင်းဟာ အဖွင့်ပွဲမှာ နယူးဇီလန်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တာကြောင့် အုပ်စုပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၂ မှတ်ရရှိထားတာဖြစ်ပါတယ်။ 

အီရန်အသင်းကိုတွေ့ရစဉ် 

အီရန်အသင်းဟာ ကမ္ဘာ့ဖလားပွဲတွေကစားဖို့ မက္ကဆီကိုနိုင်ငံမှာ အခြေစိုက်ပြီး လေ့ကျင့်ပြင်ဆင်နေရကာ ပွဲမတိုင်မီ တစ်ရက်အလိုမှာ အမေရိကန်နိုင်ငံထံ ထွက်ခွာရတာပါ။ 

အီရန်အသင်းဟာ အမေရိကန်နိုင်ငံမှာ ပွဲကစားပြီး မက္ကဆီကိုနိုင်ငံထံ ချက်ချင်း ပြန်ထွက်ခွာရတာကြောင့် အခက်အခဲ အများအပြား ရှိနေပေမယ့် ကမ္ဘာ့ဖလားအုပ်စု ၂ ပွဲစလုံးကို ရှုံးပွဲမရှိ စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အီရန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲအဖြစ် အီဂျစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပြိုင်ပွဲကျင်းပမယ့် မြို့ထံ စောစီးစွာ သွားနိုင်ဖို့ နည်းပြဂါလီနိုအီက မျှော်လင့်နေပါတယ်။

အီဂျစ်အသင်းကတော့ အုပ်စုပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ် ရရှိထားလို့ အီရန်အသင်းနဲ့ပွဲမှာ သရေ တစ်မှတ်ရရင် နောက်တစ်ဆင့်တက်မှာ ဖြစ်ပါတယ်။ 

Source: CNA