CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂
အီရန်ဘောလုံးအကြီးအကဲတွေဟာ ဇွန်လထဲ အမေရိကန်နိုင်ငံမှာ သူတို့ရဲ့ ကမ္ဘာ့ဖလားပွဲတွေ ကစားရမှာနဲ့ ပတ်သက်ပြီး ဇူးရစ်မှာ ဖီဖာနဲ့တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
အီရန်ဘောလုံးအဖွဲ့ချုပ် အကြီးအကဲ မယ်ဒီတာ့ဂျ်ဟာ ဖီဖာကွန်ဂရက်ကို မတက်ရောက်ဘဲ ကနေဒါနိုင်ငံကနေ နိုင်ငံထံ ပြန်ရောက်လာခဲ့ပြီးနောက် ဆွေးနွေးဖို့ အကြောင်းအရာတွေ အများအပြား ရှိတယ်လို့ သောကြာနေ့မှာ ပြောခဲ့တာပါ။
ဖီဖာအထွေထွေအတွင်းရေးမှူး ဖြစ်သူဟာ မေလ ၂၀ ရက် နောက်ဆုံးထားပြီး အီရန်ကိုယ်စားလှယ်အဖွဲ့ကို သူတို့ရဲ့ရုံးချုပ်ထံ ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။
မယ်ဒီတာ့ဂျ်က သူတို့ရဲ့ ရပ်တည်ချက်ဟာ မကြာမီ ဖီဖာနဲ့တွေ့ဆုံဆွေးနွေးဖို့ ဖြစ်တယ်လို့ အီရန်မီဒီယာတစ်ခုကို ပြောခဲ့တာပါ။

အီရန်အသင်းကို တွေ့ရစဉ်
အီရန်နိုင်ငံဟာ အမေရိကန်နဲ့အစ္စရေးနိုင်ငံတို့ရဲ့ တိုက်ခိုက်မှုတွေ ခံရပြီးကတည်းက အီရန်အသင်းရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ယှဉ်ပြိုင်မယ့် အခြေအနေအပေါ် မေးခွန်းထုတ်မှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။
ဖီဖာအကြီးအကဲ အင်ဖန်တီနိုက အီရန်အသင်းဟာ စီစဉ်ထားတဲ့အတိုင်း အမေရိကန်နိုင်ငံမှာ သူတို့ရဲ့ကမ္ဘာ့ဖလား ပွဲကို ကစားမယ်လို့ ဖီဖာကွန်ဂရက်မှာ ပြောခဲ့တာပါ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အင်ဖန်တီနိုပြောရင် သူလည်း အဆင်ပြေတယ်လို့ အီရန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်မယ့်အပေါ် ပြောခဲ့ပါတယ်။
အီရန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံ၊ အီဂျစ်၊ နယူးဇီလန်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက် နေတာပါ။
အီရန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုအဖြစ် တူရကီနိုင်ငံမှာ စခန်းသွင်းကာ ခြေစမ်းပွဲ ၂ ပွဲ ကစားခဲ့ပြီး နိုင်ဂျီးရီးယားအသင်းကို အရေးနိမ့်ခဲ့ပေမယ့် ကော်စတာရီကာအသင်းကို ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။
Source: ESPN
