CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၄

စပိန်အသင်းကြယ်ပွင့် ယာမဲလ်ဟာ နောက်ထပ် ဒဏ်ရာရမယ့် အခြေအနေကနေ ရှောင်ရှားနိုင်ဖို့အတွက် ဆားဘီးယားအသင်းနဲ့ နေးရှင်းလိဂ်ပွဲစဉ်ကို လွဲချော်မှာဖြစ်ပါတယ်။ 

ယာမဲလ်ဟာ စပိန်အသင်းက ဒိန်းမတ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ကြွက်သားဒဏ်ရာ ခံစားခဲ့ရ တာပါ။

အဲဒါကြောင့် ယာမဲလ်ဟာ MRI စကန်ရိုက်ခဲ့ပြီးနောက် စပိန်အသင်း လူစာရင်းကနေ နုတ်ထွက်ကာ ဘာစီလိုနာ အသင်းထံ ပြန်သွားမှာဖြစ်ပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်က ကစားသမားရဲ့ ကျန်းမာရေးကို ဦးစားပေးပြီး နောက်ထပ် ဒဏ်ရာရမယ့် အခြေအနေ ကနေ ရှောင်နိုင်ဖို့အတွက် ယာမဲလ်ကို လူစာရင်းကနေ ထွက်ခွာခွင့် ပေးခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ထား တာပါ။ 

ယာမဲလ်ဟာ ဒိန်းမတ်အသင်းနဲ့ပွဲစဉ်မှာ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှု အများအပြားကို ခံခဲ့ရတာကြောင့် စပိန် အသင်းနည်းပြ ဒယ်လာဖွန်တေက ကွင်းလယ်ဒိုင်လူကြီးအနေနဲ့ ဒီလိုမျိုး အရည်အချင်းရှိတဲ့ ကစားသမားတွေကို ကာကွယ်ရမယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ 

ယာမဲလ်ကို တွေ့ရစဉ်

ယာမဲလ်ဟာ စပိန်အသင်းကို ယူရို ၂၀၂၄ ချန်ပီယံဆု ရယူနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့သူဖြစ်သလို ဘာစီလိုနာအသင်းမှာလည်း အကောင်းဆုံး ခြေစွမ်းတွေကို ပြသနေတာပါ။ 

စပိန်အသင်းဟာ လူစာရင်းကနေ နုတ်ထွက်ခဲ့တဲ့ ယာမဲလ်ရဲ့နေရာမှာ အသလက်တီကိုအသင်းက ရီကွယ်လ်မီကို အစားထိုး ခေါ်ယူခဲ့ပါတယ်။

စပိန်အသင်းဟာ နေးရှင်းလိဂ် အုပ်စုပွဲစဉ် ၃ ပွဲကစားအပြီးမှာ ၂ ပွဲနိုင် ၁ ပွဲသရေ ရမှတ် ၇ မှတ်နဲ့ အုပ်စုတွင်းကို ဦးဆောင်နေတာဖြစ်ပြီး ဒိန်းမတ်အသင်းက ရမှတ် ၆ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။

စပိန်အသင်းဟာ အောက်တိုဘာ ၁၆ ရက်မှာ ဆားဘီးယားအသင်းနဲ့ အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: BBC