CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီ ၇

ရီးရယ်လ်အသင်း တောင်ပံကစားသမား ဗီနီစီးယက်စ်က ဘာစီလိုနာအသင်း ကြယ်ပွင့် ယာမဲလ်ဟာ မကြာသေးမီ က ပွဲတစ်ပွဲမှာ ဘာသာရေးအရခွဲခြားတဲ့ သီကြွေးမှုတွေကို လူသိရှင်ကြား ရှုတ်ချခဲ့တဲ့အတွက် ချီးကျူးခဲ့ပါတယ်။ 

ဒါ့အပြင် ဗီနီစီးယက်စ်က ကစားသမားတွေ အနေနဲ့ ခွဲခြားဆက်ဆံမှုကို တိုက်ဖျက်ရာမှာ အတူတကွ ရပ်တည်ဖို့ လိုအပ်ကြောင်း ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲဖြစ်တဲ့ စပိန်နဲ့ အီဂျစ်အသင်းတို့ပွဲမှာ စပိန်ပရိသတ်တွေရဲ့ သီကြွေးမှုတွေနဲ့ ပတ်သက်ပြီး ယာမဲလ်က ဒါဟာ မလေးမစား ပြုလုပ်တာနဲ့ သည်းမခံနိုင်စရာ ဖြစ်တယ်လို့ ပြောခဲ့ပြီးနောက် ဗီနီစီးယက်စ်က အခုလို ပြောလာခဲ့တာပါ။

ဗီနီစီးယက်စ်က “ဒီတိုက်ပွဲကို ကျနော်တို့ ဆက်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ယာမဲလ်က ဒီအကြောင်း ထွက်ပြောဖို့ အရေးပါပြီး တခြားသူတွေကို အကူအညီ ပေးနိုင်ပါတယ်။ စပိန်၊ ဂျာမနီနဲ့ ပေါ်တူဂီ နိုင်ငံတွေက လူမျိုးရေးခွဲခြားတဲ့ နိုင်ငံတွေလို့ ကျနော် မပြောပါဘူး။ ဒါပေမယ့် ဒီနိုင်ငံတွေမှာရော၊ ဘရာဇီးလ်နဲ့ တခြားနိုင်ငံတွေ မှာပါ လူမျိုးရေး ခွဲခြားတဲ့ သူတွေရှိပါတယ်။ ကျနော်တို့ အတူတကွ ဆက် တိုက်ပွဲဝင် သွားရင်တော့ အနာဂတ် ကစားသမားတွေနဲ့ လူတွေဟာ ဒီလိုအဖြစ်မျိုး ထပ်ကြုံရမှာ မဟုတ်တော့ဘူးလို့ ထင်ကြောင်း”ပြောခဲ့ပါတယ်။ 

ယာမဲလ်နဲ့ ဗီနီစီးယက်စ်ကို တွေ့ရစဉ်

ဗီနီစီးယက်စ်ဟာ လာလီဂါနဲ့ ဥရောပပွဲတွေ အတွင်းမှာ မကြာခဏ ဆိုသလို လူမျိုးရေးခွဲခြားမှုတွေ ခံခဲ့ရပြီး သူက လည်း လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ထုတ်ဖော် ပြောဆိုလေ့ရှိပါတယ်။ 

ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့လက လစ္စဘွန်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အိမ်ရှင် ပရိသတ်တွေအရှေ့ ဂိုးသွင်းပြီး အောင်ပွဲခံခဲ့တာကြောင့် မျောက်ဆိုပြီး ခေါ်ခံခဲ့ရသလို လူမျိုးရေးခွဲခြားမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။ 

ဗီနီစီးယက်စ်ဟာ ရီးရယ်လ်အသင်းနဲ့ သင့်တော်တဲ့အချိန်မှာ စာချုပ်သက်တမ်းတိုးဖို့ စီစဉ်ထားပြီး အသင်းမှာ နှစ်ပေါင်းများစွာကြာ ရှိနေချင်တယ်လို့လည်း ပြောခဲ့ပါတယ်။ 

ဗီနီစီးယက်စ်နဲ့ ရီးရယ်လ်အသင်းရဲ့ လက်ရှိ စာချုပ်ဟာ ၂၀၂၇ ခုနှစ်၊ ဇွန်လမှာ စာချုပ်ကုန်ဆုံးမှာ ဖြစ်ပါတယ်။ 

Source: ESPN