CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၇
ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟာရီကိန်းဟာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်နိုင်ခဲ့တာကြောင့် ရီးရယ်လ်အသင်းနဲ့ကစားမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေ ပါတယ်။
ဟာရီကိန်းဟာ အင်္ဂလန်အသင်းနဲ့ လေ့ကျင့်မှု ပြုလုပ်ရင်း ရခဲ့တဲ့ဒဏ်ရာကြောင့် ဖရိုင်းဘတ်အသင်းကို အနိုင်ရခဲ့တဲ့ ဘွန်ဒက်လီဂါပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
အင်္ဂလန်အသင်း ခေါင်းဆောင်ဟာ ဒဏ်ရာ အခြေအနေကြောင့် နိုင်ငံအသင်းရဲ့ ခြေစမ်းပွဲ ၂ ပွဲစလုံးလည်း လွဲချော် ခဲ့တာပါ။
ဟာရီကိန်းဟာ ရီးရယ်လ်အသင်းနဲ့ကစားဖို့ မထွက်ခွာမီ မြူးနစ်မှာ ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ် မှာ ပါဝင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း နည်းပြ ကွန်ပနီက ဟာရီကိန်းကို အသုံးပြုဖို့ ရှိ၊မရှိ ဆုံးဖြတ်ဖို့အတွက် ပွဲကစားမယ့် အချိန်အထိ စောင့်ဆိုင်းသွားမယ်လို့ ပြောခဲ့ပါတယ်။

ဟာရီကိန်းကို တွေ့ရစဉ်
ကွန်ပနီက “သူဟာ လေ့ကျင့်ရေး အများကြီး လုပ်နိုင်ခဲ့တာက အရေးကြီးပြီး သူ့ရဲ့စည်းချက်တွေ ပျောက်ဆုံးသွား တယ်လို့ ကျနော် မထင်ပါဘူး။ ပွဲနေ့အထိ စောင့်ဆိုင်းပြီးမှ သူ့ကိုအသုံးပြုဖို့ ဆုံးဖြတ်သွားမှာပါ။ ကျနော်တို့မှာ ကောင်းမွန်တဲ့ လူစာရင်းရှိပြီး နှစ်ကျော့စလုံးအတွက် အဆင်သင့်ဖြစ်နေပြီ”လို့ ပြောခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းရဲ့အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ကင်မစ်ရှ်က ဟာရီကိန်းဟာ အဆုံးသတ် ကောင်းမွန် တဲ့ သူတစ်ဦးတင် မဟုတ်ဘဲ ခေါင်းဆောင်တစ်ဦးနဲ့ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူပါဝင်ကစားရင် သူ့ရဲ့ခေါင်းဆောင် မှု အရည်အသွေးတွေက အရေးကြီး လာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက ရီးရယ်လ်အသင်း အိမ်ကွင်း သွားကစားရမယ့်ပွဲဟာ ကစားရခက်တဲ့ အဝေးကွင်းပွဲဖြစ်ပေမယ့် သူတို့ အနိုင်ရချင်တယ်လို့ ပြောခဲ့ပါတယ်။
Source: ESPN
