CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၃

တိုက်စစ်မှူး ဟာရီကိန်းဟာ အသင်းဟောင်း စပါးအသင်းနဲ့ ပြန်လည်ရင်ဆိုင်ရမယ့် ရာသီကြိုခြေစမ်းပွဲကို လွဲချော်မယ်လို့ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက အတည်ပြုခဲ့ပါတယ်။

ကွန်ပနီက “ဟာရီကိန်း၊ အယ်လ်ဖွန်ဆိုဒေးဗီးစ်၊အူပါမီကာနိုနဲ့ ကိုးမန်းတို့ဟာ ဒီပွဲစဉ်ကို ပါဝင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့တွေကို ပထမဆုံးယှဉ်ပြိုင်ရမယ့် ဖလားပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မျှော်လင့်တယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ဟာရီကိန်းဟာ ပြီးခဲ့တဲ့နွေရာသီက စပါးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို ယူရိုသန်း ၁၂၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီး ပြိုင်ပွဲစုံ ၄၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် အသင်းကို ဆုဖလားရရှိအောင်တော့ မစွမ်းဆောင်ပေးနိုင်ခဲ့ပါဘူး။ 

အသက် ၃၀ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ အင်္ဂလန်အသင်း ဗိုလ်လုပွဲတက်ခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ 

ဟာရီကိန်းဟာ ယူရိုပြိုင်ပွဲယှဉ်ပြိုင်ထားတာကြောင့် အနားယူနေပြီး အသင်းဟောင်း စပါးအသင်းနဲ့ ပြန်လည်ရင်ဆိုင်ရမယ့် ပွဲစဉ်ကို လွဲချော်ခဲ့တာပါ။

 ကွန်ပနီကို တွေ့ရစဉ်

ဟာရီကိန်းဟာ သြဂုတ် ၃ ရက် ဆိုးလ်မှာယှဉ်ပြိုင်မယ့် ခြေစမ်းပွဲကို လွဲချော်မှာဖြစ်ပေမယ့် သြဂုတ် ၁၀ ရက် လန်ဒန်မှာ ထပ်မံယှဉ်ပြိုင်မယ့် စပါးအသင်းနဲ့ ပွဲစဉ်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပါဝင်နိုင်ဖွယ်ရှိနေပါတယ်။ 

ဟာရီကိန်းဟာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၂၈၀ ဂိုးသွင်းပြီး အသင်းရဲ့ သမိုင်းမှာဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ထွက်ခွာခဲ့တာပါ။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရပြီးနောက် ဒီရာသီမှာ ဆုဖလားရယူနိုင်ဖို့အတွက် ကွန်ပနီကို နည်းပြသစ်အဖြစ် ခန့်အပ်ကာ ကစားသမားသစ်တွေကိုလည်း အားဖြည့်ထားပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ သြဂုတ် ၁၆ ရက်မှာ ဂျာမန်ပိုကယ်ဖလား ပထမအဆင့်ပွဲစဉ်အဖြစ် SSV Ulm အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source:ESPN