CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီလ ၇

တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရတဲ့ ချယ်လ်ဆီးအသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ်ဟာ မေလ အစောပိုင်းမှာ ပြန်ကစားနိုင်ဖွယ်ရှိနေတဲ့အတွက် ကလပ်အသင်းအတွက်ရော အင်္ဂလန်အသင်း နည်းပြ တူချယ်လ်အတွက် သတင်းကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့လကတည်းက အနားယူနေရတဲ့ စွယ်စုံရနောက်ခံလူဟာ သူ့ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်မှု တွေလျော့ပါးစေဖို့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ အလျင်အမြန်တိုးတက်မှုရှိနေတာပါ။ 

The Telegraph က ရီးစ်ဂျိမ်းစ်ဟာ တိုးတက်မှုတွေရရှိနေတာကြောင့် ဧပြီလကုန်ပိုင်း ဒါမှမဟုတ် မေလအစောပိုင်းမှာ ပြန်ကစားနိုင်ဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။ 

ဒါကြောင့် ရီးစ်ဂျိမ်းစ်ဟာ ရာသီမကုန်မီ ချယ်လ်ဆီးအသင်းရဲ့အရေးကြီးတဲ့ပွဲတွေမှာ ပြန်ပါဝင်နိုင်မှာဖြစ်သလို ကမ္ဘာ့ဖလားမျှော်လင့်ချက်ကို ဖျက်ဆီးပစ်မယ့် စိုးရိမ်မှုတွေကို လျော့ပါးသွားစေတာပါ။ 

 ရီးစ်ဂျိမ်းစ်ကိုတွေ့ရစဉ်

နယူးကာဆယ်အသင်းကို အရေးနိမ့်ပြီးကတည်းက အနားယူနေရတဲ့ ရီးစ်ဂျိမ်းစ်ဟာ အင်္ဂလန်အသင်းနည်းပြတူချယ်လ်က အပြီးသတ် ၂၆ ဦး စာရင်းကို မထုတ်ပြန်မီ သူ့ရဲ့ကြံ့ခိုင်မှုကို သက်သေပြရမှာဖြစ်ပါတယ်။ 

တူချယ်လ်ဟာ ရီးစ်ဂျိမ်းစ်ကို အင်္ဂလန်အသင်းမှာ ဦးစားပေးညာနောက်ခံလူအဖြစ် သတ်မှတ်ထားပြီး သူမပါဝင် နိုင်တဲ့ ဥရုဂွေး၊ဂျပန်အသင်းတို့နဲ့ ခြေစမ်းပွဲမှာ ညာနောက်ခံနေရာဟာ အဆင်မပြေမှုတွေရှိခဲ့တာပါ။ 

ဘင်ဝှိုက်နဲ့ လီဗရာမန်တိုတို့ဟာ ညာနောက်ခံနေရာအတွက် ရွေးချယ်စရာရှိနေပေမယ့် သူတို့တွေဟာ ရီးစ်ဂျိမ်းစ်လို တူညီတဲ့ ပုံစံမျိုးလုပ်ပြနိုင်ခဲ့ခြင်း မရှိပါဘူး။ 

ချယ်လ်ဆီးအသင်းနဲ့ ၂၀၃၂ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားတဲ့ ရီးစ်ဂျိမ်းစ်ဟာ ဒီရာသီမှာအသင်းအတွက် ၃၆ ပွဲကစားထားတာမှာ ၂ ဂိုးသွင်းပြီး ၇ ဂိုးဖန်တီးထားတာဖြစ်ပါတယ်။ 

Source:Goal