CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီ ၇

အိုင်ယာလန်မှာ စခန်းသွင်း လေ့ကျင့်နေတဲ့ ယူနိုက်တက်အသင်းရဲ့ လူစာရင်းမှာ ဒဏ်ရာကနေ ပြန်လာနိုင်ခဲ့တဲ့ နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်နဲ့ ဒေါ်ဂူတို့ ပါဝင်ခဲ့ပါတယ်။ 

ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် ယူနိုက်တက်အသင်းရဲ့ ပြီးခဲ့တဲ့ ၅ ပွဲကို မပါဝင်နိုင်ခဲ့တဲ့ လီဆန်ဒရို မာတီနက်ဇ် လူစာရင်းထဲ ပါဝင်တာက နည်းပြကာရစ်အတွက် သတင်းကောင်း ဖြစ်ခဲ့ပါတယ်။ 

အာဂျင်တီးနား နောက်ခံလူဟာ ဧပြီလ ၁၃ ရက် အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်မယ့် လိဒ်စ်အသင်းနဲ့ ပွဲမတိုင်မီ သူ့ရဲ့ကြံ့ခိုင်မှုကို သက်သေပြနိုင်ဖို့ ယူနိုက်တက်အသင်းက မျှော်လင့်နေပါတယ်။ 

ယူနိုက်တက်အသင်းရဲ့ အဓိကနောက်ခံလူ မက်ဂွဲယားဟာ ဘုန်းမောက်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယား လိဂ်ပွဲမှာ အနီကတ် ပြသခံခဲ့ရတာကြောင့် လိဒ်စ်အသင်းနဲ့ပွဲကို လွဲချော်မှာပါ။

အဲ့ဒါကြောင့် နည်းပြကာရစ်ဟာ လိဒ်စ်အသင်းနဲ့ပွဲမှာ လီဆန်ဒရို မာတီနက်ဇ်ကို အသုံးပြုချင်နေတာ ဖြစ်ပါတယ်။ 

ဒေါ်ဂူကတော့ တံကောက်ကြော ဒဏ်ရာကြောင့် ယူနိုက်တက်အသင်းရဲ့ ၈ ပွဲကို လွဲချော်ထားတာပါ။ 

နောက်ခံလူ မာတီနက်ဇ်ကို တွေ့ရစဉ်

ဒိန်းမတ်နောက်ခံလူဟာ မြက်ခင်းပြင်ပေါ်မှာ ပြန်လည်လေ့ကျင့်မှုတွေ ပြုလုပ်နေပြီဖြစ်ပြီး ပွဲတွေကစားနိုင်အောင် လေ့ကျင့်ခန်း အစီအစဉ်တွေ ဆက်လက် လုပ်ဆောင်ဖို့ ဒဗ္ဗလင်ကို လိုက်ပါခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နိုင်ငံတကာပွဲတွေကို လွဲခဲ့တဲ့ ဆက်စ်ကိုနဲ့ အမ်ဘူမိုတို့ဟာ ယူနိုက်တက်အသင်းရဲ့ ၂၅ ဦး လူစာရင်းမှာ ပါဝင်ခဲ့တာပါ။ 

နောက်ခံလူ ဒါလော့၊ ဒီလစ်နဲ့ ဂိုးသမား တွမ်ဟီတန်တို့ကတော့ ဒီခရီးစဉ်ကို လိုက်ပါခဲ့ခြင်း မရှိပါဘူး။ 

ယူနိုက်တက်အသင်းဟာ မတ်လ ၂၀ ရက်မှာ ဘုန်းမောက်အသင်းနဲ့ ကစားပြီးကတည်းက ပွဲတွေ ကစားရခြင်း မရှိသေးတာပါ။ 

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ ပွဲ ကစားအပြီးမှာ ရမှတ် ၅၅ မှတ်နဲ့ အဆင့် ၃ နေရာ ရပ်တည်နေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရယူနိုင်ဖို့အတွက် လက်ကျန် ၇ ပွဲမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ လိုအပ်နေပါတယ်။ 

Source: ESPN