CNI Sport News

၂၀၂၆ ခုနှစ်၊ မေလ ၄

ယူနိုက်တက်အသင်းက လီဗာပူးလ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲဟာ ကျန်းမာရေး စိုးရိမ်မှုရှိခဲ့တဲ့ ဂန္ထဝင် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်အတွက် ကောင်းမွန်တဲ့ ခွန်အားဖြစ်ဖို့ နည်းပြကာရစ်က မျှော်လင့်နေပါတယ်။ 

ကာရစ်က “ပွဲမတိုင်မီမှာ ဒီအကြောင်းကို ကြားခဲ့ရတဲ့အတွက် ကျနော် သိထားပါတယ်။ ဒါက ကျနော့်ကို စိတ် ထိခိုက် စေတယ်ဆိုတာ ကျနော် ပြောနိုင်ပါတယ်။ သူ့ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်မယ်လို့ မျှော်လင့်ပြီး အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။ ဒီရလဒ်ကောင်းက သူ့ကိုကောင်းမွန်တဲ့ ခွန်အားတစ်ခုပေး နိုင်ဖို့ မျှော်လင့်ကြောင်း” ပြောခဲ့တာပါ။ 

အသက် ၈၄ နှစ်အရွယ်ရှိ ဖာဂူဆန်ဟာ ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းပွဲ မတိုင်မီ နာရီပိုင်းအလို ကွင်းထဲမှာ နေထိုင် မကောင်းဖြစ်လာတာကြောင့်  ကြိုတင်ကာကွယ်မှုအဖြစ် ဆေးရုံထံ ပို့ဆောင်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဖာဂူဆန်ဟာ ဆေးရုံမှာ ကုသမှုခံယူပြီးနောက် အိမ်ကိုပြန်နိုင်ခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ 

ဖာဂူဆန်ကို တွေ့ရစဉ်

PA သတင်းမှာတော့ ဖာဂူဆန်ရဲ့ အခြေအနေ ကောင်းမွန်တယ်လို့ ဖော်ပြထားတာပါ။ 

ယူနိုက်တက်အသင်းဟာ လီဗာပူးလ်အသင်းကို အနိုင်ရခဲ့တာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။ 

ကာရစ်ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ထားတဲ့ ၁၄ ပွဲမှာ ၁၀ ပွဲ အနိုင်ရရှိအောင် စွမ်းဆောင်ပေးထားပြီး အနိုင်ရတဲ့ အသင်းတွေထဲမှာ အာဆင်နယ်၊ မန်စီးတီး၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊စပါးနဲ့ အက်စတွန်ဗီလာအသင်းတို့ ပါဝင်ခဲ့ပါတယ်။ 

အဲ့ဒါကြောင့် ကာရစ်ဟာ ရာသီကုန်ချိန်မှာ ယူနိုက်တက်အသင်းရဲ့ အမြဲတမ်း နည်းပြရာထူးကို ရယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေတာပါ။

ကာရစ်ကတော့ ဒါဟာ သူ့အတွက် အလွန်ကောင်းမွန်တဲ့နေရာဖြစ်သလို လုပ်ဆောင်ရတာတွေကိုလည်း နှစ်သက်ပေမယ့် စောင့်ကြည့်ရမယ်လို့ ပြောခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ လာမယ့်ပွဲအဖြစ် ဆန်းဒါးလန်းအသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Dailymail