CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄
ယူနိုက်တက်အသင်းက အဲဗာတန်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ်ခဲ့တဲ့ ယူနိုက်တက်အသင်း ဂိုးသမား လမ်းမန်းစ်ကို အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မိုယက်စ်က အကောင်းဆုံး ကစားသမားလို့ ချီးကျူးခဲ့ပါတယ်။
ဒေးဗစ်မိုယက်စ်က “ဂိုးသမားက အလွန်ထူးချွန်ပါတယ်။ မိုက်ကယ်ကိန်းရဲ့ ကန်ချက်ကို ကာကွယ်ပုံနဲ့ ထောင့်ကန် ဘောတွေကို သူကိုင်တွယ်ပုံက အလွန်ကောင်းမွန်ပါတယ်။ ကျနော်တို့ဟာ တစ်ခုခု ရခဲ့မယ်လို့ ထင်ခဲ့ပေမယ့် မရခဲ့ ပါဘူး။ ကျနော့်အတွက်တော့ သူကကွင်းထဲမှာ အကောင်းဆုံးကစားသမားလို့” ပြောခဲ့တာပါ။
အဲဗာတန်အသင်းဟာ ဒီပွဲစဉ်မှာ ထောင့်ကန်ဘောတွေ ကန်ခွင့်ရတိုင်း ကစားသမား အများအပြားကို လမ်းမန်းစ်ရဲ့ အနားမှာ ထားပြီး ဖိအားပေးဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် လမ်းမန်းစ်ဟာ ဒီအခြေအနေတွေကို အကောင်းဆုံး ကိုင်တွယ်ကာ ယူနိုက်တက်အသင်း ပေးဂိုးမပေးရ အောင် လုပ်ဆောင်နိုင်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ၂၀၂၅ ခုနှစ်၊ မတ်လနောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဝေးကွင်း ပေးဂိုးမပေးခဲ့ရတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းနည်းပြ မိုက်ကယ်ကာရစ်ကလည်း လမ်းမန်းစ် လုပ်ဆောင်နိုင်ပုံတွေကို ပွဲအပြီးမှာ ချီးကျူးခဲ့ ပါတယ်။

ယူနိုက်တက်နဲ့ အဲဗာတန် ယှဉ်ပြိုင်နေစဉ်
ဒီပွဲမှာ ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကို လူစားလဲ ဝင်ရောက်လာတဲ့ တိုက်စစ်မှူး ဆက်စ်ကိုက သွင်းယူခဲ့ ပြီး အသင်းကို အဖိုးတန် ၃ မှတ် ရယူပေးနိုင်ခဲ့တာပါ။
ဆက်စ်ကိုဟာ နည်းပြ မိုက်ကယ်ကာရစ် လက်ထက်မှာ ယူနိုက်တက်အသင်း အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်ခွင့် မရသေးပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲမှာ ၆ ဂိုးအထိ သွင်းယူထားပါတယ်။
ယူနိုက်တက်အသင်းနည်းပြ မိုက်ကယ်ကာရစ်က ဆက်စ်ကိုနဲ့သူဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး ဘာပြဿနာမှ မရှိသလို သူ့ရဲ့ လက်ရှိပုံစံတွေကို မြင်တွေ့ရတာ ကောင်းမွန်တယ်လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ မိုက်ကယ်ကာရစ် လက်ထက်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၅ ပွဲအနိုင်ရပြီး ၁ ပွဲ သရေကျကာ အမှတ်ပေးဇယား အဆင့် ၄ နေရာကို ပြန်တက်နိုင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲအဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းကို အိမ်ကွင်း လက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
