CNI Sport News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁

ယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းအသင်းနဲ့ ၁ ဂိုးစီ သရေကျကာ နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ပြီးနောက် နည်းပြ မိုက်ကယ်ကာရစ်က အသင်းဟာ ဒီပွဲမှာ အကောင်းဆုံးပုံစံ ရှိမနေခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ 

မိုက်ကယ်ကာရစ်က “ခံစားချက်တွေ ရောထွေးနေပါတယ်။ ကျနော်တို့ အကောင်းဆုံးပုံစံမှာ မရှိခဲ့ဘူးဆိုတာ ကျနော်တို့ သိပါတယ်။ ဝက်စ်ဟမ်းရဲ့ လုပ်ဆောင်မှုကို အသိအမှတ် ပြုရမှာဖြစ်ပြီး သူတို့ဟာ ခံစစ်ကို ကောင်းမွန် စွာ ကစားနိုင်သလို နေရာလွတ်တွေကိုလည်း ပိတ်နိုင်ခဲ့ပါတယ်။ နောက်ကျပြီးမှ သွင်းဂိုးရခဲ့တာကလည်း ကျနော် တို့ အတွက် အပြုသဘောဆောင်ပါတယ်။ ၅ ပွဲမှာ ၄ ပွဲနိုင်ပြီး ၁ ပွဲသရေကျခဲ့တာက အပြုသဘောဆောင်ပါတယ်”လို့ ပြောခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ဝက်စ်ဟမ်းအသင်းကို မိနစ် ၉၀ အထိ အရေးနိမ့်နေခဲ့ပေမယ့် လူစားလဲ ဝင်ရောက် လာတဲ့ ဆက်စ်ကိုက ထပ်ဆောင်းအချိန်ပို ၆ မိနစ်မှာ ချေပဂိုး သွင်းယူပေးနိုင်ခဲ့လို့ ရှုံးပွဲကြုံတွေ့ရမယ့် အခြေအနေ ကို ရှောင်နိုင်ခဲ့ပါတယ်။ 

ဆက်စ်ကိုဟာ ယူနိုက်တက်အသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲမှာ ၅ ဂိုးအထိ သွင်းယူထားပါတယ်။ 

ယူနိုက်တက်အသင်း ယှဉ်ပြိုင်နေစဉ်

ပြီးခဲ့တဲ့ဖူလ်ဟမ်အသင်းနဲ့ပွဲမှာလည်း ယူနိုက်တက်အသင်းအတွက် ထပ်ဆောင်းအချိန်ပိုမှာ အနိုင်ဂိုးသွင်းယူခဲ့တဲ့ ဆက်စ်ကိုဟာ နည်းပြ မိုက်ကယ်ကာရစ် လက်ထက်မှာ ပွဲထွက်လူစာရင်းထဲ ပါဝင်ခွင့် မရသေးတာပါ။ 

မိုက်ကယ်ကာရစ်က ဆက်စ်ကိုဟာ ကွင်းထဲ ဝင်ရောက်လာချိန်မှာ ကြီးမားတဲ့ ခြားနားချက်ကို ဖန်တီးပေးနိုင်ပြီး မယုံနိုင်စရာကောင်းတဲ့ အဆုံးသတ်နဲ့ သွင်းဂိုးရယူနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

ဒါ့ပြင် မိုက်ကယ်ကာရစ်က ဆက်စ်ကိုဟာ ဒီလိုအရာမျိုးကို အမြဲတမ်း လုပ်ဆောင်နေတာဖြစ်ပြီး ဒီပွဲမှာ ခံစားချက် အနည်းငယ် ကွာခြားနိုင်မှာဖြစ်ပေမယ့် သူ့အတွက်ရော အသင်းအတွက်ပါ အရေးကြီးပြီး ကြီးမားတဲ့ အခိုက်အတန့် လို့ ပြောခဲ့တာပါ။ 

ယူနိုက်တက်အသင်း ပရိသတ်တွေကတော့ လာမယ့်ပွဲတွေမှာ ဆက်စ်ကို,ကို ပွဲထွက် လူစာရင်းထဲ အသုံးပြုဖို့ တောင်းဆိုမှုတွေ ရှိနေကြပါတယ်။ 

ယူနိုက်တက်အသင်းဟာ လာမယ့် ရက်ပိုင်းအတွင်း ပွဲကစားဖို့မရှိဘဲ ဖေဖော်ဝါရီ ၂၃ ရက်မှ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: metro