CNI Sport News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀

ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟာရီကိန်းဟာ နွေရာသီ အပြောင်းအရွှေ့ မတိုင်မီ ဆော်ဒီပရိုလိဂ် ကလပ်တွေရဲ့ ပစ်မှတ်ထားခြင်း ခံနေရတယ်လို့ Kicker က ဖော်ပြထားပါတယ်။ 

ဟာရီကိန်းရဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိပေမယ့် သူ့ရဲ့လက်ရှိ စာချုပ်ထဲမှာ နွေရာသီကျရင် ထွက်ခွာနိုင်တဲ့ စာချုပ်ဖျက်သိမ်းကြေး ပါဝင်နေတာပါ။

အသက် ၃၂ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံ ၃၃ ပွဲမှာ ၃၈ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ 

Kicker က အယ်လ်အာလီနဲ့ အယ်လ်အစ်တီဟတ် အသင်းတို့ဟာ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းကို ပစ်မှတ်ထားနေတယ်လို့ ဖော်ပြထားတာပါ။ 

ဘိုင်ယန်မြူးနစ်အသင်းကတော့ ဟာရီကိန်းကို အသင်းမှာ ဆက်ရှိမယ့် စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေပါတယ်။ 

ပရီးမီးယားလိဂ်နဲ့ ဆော်ဒီကလပ် အသင်းတွေရဲ့ စောင့်ကြည့်မှုတွေ ခံနေရတဲ့ ဟာရီကိန်းရဲ့မိသားစုဟာ ဂျာမနီထံ ပြောင်းရွှေ့လာတာကြောင့် မြူးနစ်မှာနေရတာ သက်တောင့်သက်သာရှိတယ်လို့ ခံစားနေကြပါတယ်။ 

ဟာရီကိန်းကို တွေ့ရစဉ် 

ဒါပေမယ့် ဟာရီကိန်းဟာ အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒ ရှိ/မရှိကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေး ပါဘူး။ 

ဟာရီကိန်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ဘယ်လို ဆုံးဖြတ်ချက်ကိုမှ ချဖို့မရှိ ဘဲ ပြိုင်ပွဲအပြီးမှသာ ဆုံးဖြတ်လာဖို့ ရှိနေတာပါ။

ဟာရီကိန်းအနေနဲ့ နယူးကာဆယ်အသင်း ဂန္ထဝင် အလန်ရှီးယားရဲ့ ဂိုးသွင်းအများဆုံး စံချိန်ကို ချိုးဖျက်ဖို့ ပရီးမီးယားလိဂ်ထံ ပြန်မလားဆိုတဲ့ မေးခွန်းတွေကလည်း အမြဲတမ်းရှိနေပါတယ်။ 

ဟာရီကိန်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၁၃ ဂိုးသွင်းယူထားပြီး အလန်ရှီးယားရဲ့စံချိန် ၂၆၀ ဂိုးကို ကျော်ဖြတ်ဖို့ အတွက် နောက်ထပ် ၄၈ ဂိုး သွင်းယူဖို့ လိုအပ်နေတာပါ။ 

ဟာရီကိန်းကတော့ သူဟာ မြူးနစ်မှာ အလွန်ပျော်ရွှင်နေတာကြောင့် ပရီးမီးယားလိဂ်ထံ ပြန်သွားဖို့ဆိုတာ မသေချာဘူးလို့ ပြောထားပါတယ်။  

Source: Goal