CNI Sport News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀

ကိုလံဘီယာတိုက်စစ်မှူး ဂျွန်ဒူရန်ဟာ ဆုဖလား ရယူနိုင်ဖို့အတွက် တိုက်စစ်ပိုင်းကို အားကောင်းအောင် ပြုလုပ်နေတဲ့ ရုရှားကလပ် ဇင်းနစ်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။ 

အက်စတွန်ဗီလာအသင်း တိုက်စစ်မှူးဟောင်းဟာ ဒီရာသီရဲ့ ပထမရာသီဝက်မှာ ဖီနာဘာချီအသင်းထံ အငှား ကစားခဲ့တာဖြစ်ပြီး ၂၁ ပွဲ ကစားခဲ့တာမှာ ၅ ဂိုး သွင်းယူနိုင်ခဲ့ပြီး တူရကီစူပါဖလား ရယူနိုင်ခဲ့ပါတယ်။ 

ဒါပေမယ့် အယ်လ်နာဆာအသင်းဟာ ဂျွန်ဒူရန်နဲ့ ဖီနာဘာချီအသင်း အငှားစာချုပ်ကို အဆုံးသတ်ပြီး သူ့ကို ဇင်းနစ်အသင်းထံ အငှားချခဲ့တာဖြစ်ပါတယ်။ 

ဇင်းနစ်အသင်းဟာ ဂျွန်ဒူရန်ကို ခေါ်ယူနိုင်ခဲ့ကြောင်း သူတို့ရဲ့ တရားဝင် ချန်နယ်လ်တွေမှာ ဖော်ပြခဲ့ပြီး ဒီရာသီ ကုန်အထိ အသင်းမှာရှိမယ်လို့ ကြေညာခဲ့ပါတယ်။

 ဂျွန်ဒူရန်ကို တွေ့ရစဉ် 

ဇင်းနစ်အသင်းဟာ ဒီရာသီ ရုရှားလိဂ်မှာ ထိပ်ဆုံးနေရာက ခရက်စ်နွန်ဒါအသင်းရဲ့နောက် အဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။ 

အဲ့ဒါကြောင့် ဇင်းနစ်အသင်းဟာ ချန်ပီယံဆုကို ရယူနိုင်ဖို့ ဂျွန်ဒူရန်ကို အားဖြည့်ခဲ့တာဖြစ်ပါတယ်။

ဇင်းနစ်အသင်းမှာ ကျောနံပါတ် ၉ ဝတ်ဆင်မယ့် ဂျွန်ဒူရန်ဟာ အသက် ၂၂ နှစ်အရွယ်သာ ရှိသေးပေမယ့် မတူညီတဲ့ နိုင်ငံ ၆ ခုမှာ ကစားတဲ့ ကစားသမား ဖြစ်လာခဲ့တာပါ။ 

ဂျွန်ဒူရန်ဟာ ကိုလံဘီယာ၊ အမေရိကန်၊ အင်္ဂလန်၊ ဆော်ဒီနဲ့ တူရကီနိုင်ငံတွေမှာ ကစားခဲ့ပါတယ်။ 

အက်စတွန်ဗီလာအသင်းမှာ ခြေစွမ်းပြသခဲ့တဲ့ ဂျွန်ဒူရန်ဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှာ အယ်လ်နာဆာအသင်းထံ ယူရို ၇၇ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ 

ဂျွန်ဒူရန်ဟာ အယ်လ်နာဆာအသင်းအတွက် ၁၈ ပွဲကစားခဲ့ပြီး ၁၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ 

Source: besoccer