CNI International News

ဗီယင်နာ၊ မေလ ၅

ဩစတြီးယားနိုင်ငံတွင် သံတမန် အဆောက်အအုံများ၏ အမိုးများပေါ်၌ ထောက်လှမ်းရေး လုပ်ငန်းများအတွက် အသုံးပြုနိုင်သည့် အင်တင်နာတိုင်များ ထောင်ထားခြင်းကြောင့် ရုရှားသံတမန် ၃ ဦးကို လက်မခံနိုင်သော ပုဂ္ဂိုလ် များ (Personae non gratae) အဖြစ် သတ်မှတ်ကာ နှင်ထုတ်လိုက်ကြောင်း သြစတြီးယားအစိုးရက မေလ ၄ ရက် ၌ ကြေညာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

“သံတမန် ကင်းလွတ်ခွင့်ကို အသုံးပြုပြီး သူလျှိုလုပ်ငန်းတွေ လုပ်ဆောင်တာဟာ လက်ခံနိုင်စရာ မရှိပါဘူး”ဟု ဩစတြီးယားနိုင်ငံခြားရေးဝန်ကြီး ဘီယားတေး မိန့်လ်-ရိုက်ဆင်းဂါ (Beate Meinl-Reisinger) က ပြောကြား ခဲ့သည်။

ဩစတြီးယားနိုင်ငံခြားရေးဝန်ကြီး ဘီယားတေး မိန့်လ်-ရိုက်ဆင်းဂါကို တွေ့ရစဉ်

ထို ရုရှားသံတမန် ၃ ဦးသည် နိုင်ငံအတွင်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း ၎င်းက အတည်ပြုခဲ့သည်။

ယခု နှင်ထုတ်ခဲ့သည့် ရုရှားသံတမန် ၃ ဦး အပါအဝင် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း သြစတြီးယားနိုင်ငံမှ နှင်ထုတ် ခံခဲ့ရသော ရုရှားသံတမန် အရေအတွက်မှာ စုစုပေါင်း ၁၄ ဦး အထိ ရှိလာပြီဖြစ်သည်။

Source: ရိုက်တာ