CNI International News
မော်စကို၊ ဖေဖော်ဝါရီ ၁၀
ရုရှား၏ ထိပ်သီးစစ်ဘက် ထောက်လှမ်းရေး အရာရှိကြီးတစ်ဦးကို ပစ်ခတ်ခဲ့သူများက ၎င်းတို့သည် ယူကရိန်း ထောက်လှမ်းရေးအဖွဲ့(SBU)၏ အမိန့်ကို နာခံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု ရုရှားထောက်လှမ်း ရေးအဖွဲ့ (FSB) က ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၆ ရက်က ရုရှားစစ်ဘက် ထောက်လှမ်းရေးဌာန(GRU)၏ ဒုတိယအကြီးအကဲဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ဗလာဒီမာ အလက်ဆီယက်ဗ် (Vladimir Alexeyev) ပစ်ခတ်ခံရမှုတွင် ၎င်းတို့နှင့် ပတ်သက်မှု မရှိကြောင်း ယူကရိန်းဘက်က ငြင်းဆိုထားသည်။
သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခံခဲ့ရသည့် အလက်ဆီယက်ဗ်သည် ခွဲစိတ်ကုသမှု ခံယူပြီးနောက် သတိ ပြန်ရလာပြီဖြစ်သည်။
အလက်ဆီယက်ဗ်ကို ပစ်ခတ်ခဲ့သည်ဟု သံသယရှိသူ ယူကရိန်းနွယ်ဖွား ရုရှားနိုင်ငံသားတစ်ဦးကို ဒူဘိုင်းတွင် ဖမ်းဆီးရမိခဲ့ပြီးနောက် ရုရှားသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်။
ထို့ပြင် ၎င်းနှင့်အတူ ပူးပေါင်းကြံစည်သူဟု သံသယရှိသူ ဗစ်တာ ဗာဆင် (Viktor Vasin) ကိုလည်း ရုရှားအာဏာ ပိုင်များက စစ်ဆေး မေးမြန်းလျက်ရှိသည်။

ရုရှားထောက်လှမ်းရေးက သံသယရှိသူကို ဖမ်းဆီးစဉ်
ကော်ဘာနှင့် ဗာဆင်တို့ နှစ်ဦးစလုံးသည် ၎င်းတို့၏ ပြစ်မှုကျူးလွန်မှုကို ဝန်ခံခဲ့ကြပြီး၊ ထိုပစ်ခတ်မှုသည် ယူကရိန်း ထောက်လှမ်းရေးအဖွဲ့ကိုယ်စား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အသေးစိတ် အချက်အလက်များကိုလည်း ထွက်ဆို ခဲ့ကြသည်ဟု FSB က ထုတ်ပြန်ခဲ့သည်။
ကော်ဘာကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် ယူကရိန်းအနောက်ပိုင်း တာနိုပီလ် (Ternopil) မြို့၌ SBU က လူသစ် စုဆောင်းခဲ့ခြင်းဖြစ်ပြီး၊ ကိယက်ဗ် (Kyiv) မြို့တွင် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကာ လစာကို ခရစ်ပတိုငွေကြေး (Crypto-currency) ဖြင့် ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အလက်ဆီယက်ဗ်ကို သတ်ဖြတ်နိုင်ပါက SBU က ကော်ဘာကို အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ပေးမည်ဟု ကတိပြုခဲ့ကြောင်းလည်း FSB က ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ကော်ဘာကို စည်းရုံးသိမ်းသွင်းရာတွင် ပိုလန်ထောက်လှမ်းရေးအဖွဲ့လည်း ပါဝင်ပတ်သက်နေကြောင်း FSB က ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုစွပ်စွဲချက်နှင့် ပတ်သက်ပြီး ပိုလန်နိုင်ငံက တစ်စုံတစ်ရာ တုန့်ပြန်ခြင်း မရှိသေးပေ။
Source: ရိုက်တာ
