CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၉

လက်နက်ကိုင်အဖွဲ့အစည်းများသည် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချခြင်းများနှင့် ဒေသအလိုက် ထွက်ရှိသော သယံဇာတပစ္စည်းများကို တရားမဝင် ထုတ်ယူခြင်းများဖြင့် ကိုယ်ကျိုးစီးပွားရှာနေကြသည်ဟု နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်တွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကား ပြောစဉ် ၎င်းက အထက်ပါအတိုင်း ပြောလိုက်ခြင်းဖြစ် သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တည်ငြိမ်မှု မရှိသည့် ဒေသများတွင် လက်နက်ကိုင်၍ အကြမ်းဖက် လုပ်ရပ် များ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများသည် ၎င်းတို့၏ ကိုယ်ကျိုးအတ္တအတွက် မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချခြင်းများ၊ ‌ဒေသအလိုက် ထွက်ရှိသည့် သယံဇာတပစ္စည်းများကို တရားမဝင် ထုတ်ယူခြင်းများဖြင့် အဓမ္မ ကိုယ်ကျိုးစီးပွားရှာခြင်းများကို လုပ်ဆောင်နေကြတယ်”ဟု ပြောသည်။

အဆိုပါ အကြမ်းဖက် အဖွဲ့အစည်းများကြောင့် ဒေသမတည်ငြိမ်မှုများ ဖြစ်ပေါ်ပြီး အခြေခံပညာကျောင်းများ ပိတ်ထားရခြင်းကြောင့် ကျောင်းနေအရွယ် ကလေးငယ်များ၏ အခွင့်အရေးများ များစွာ ဆုံးရှုံးလျက်ရှိကြောင်း၊ ပြည်သူလူထု တည်ငြိမ်အေးချမ်းမှုကို အပြည့်အဝ ခံစားနိုင်ရေး တပ်မတော်၏အင်အား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အင်အား၊ ပြည်သူလူထု၏ အင်အားများစုစည်း၍ အကြမ်းဖက် အဖွဲ့အစည်းများကို နှိမ်နင်းရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချခဲ့သည်။

ထို့နောက် မြန်မာ့တပ်မ‌တော် ဖြုတ်ချရေး NUG-CRPH-NUCC တို့ အပါအဝင် PDF များနှင့် တိုင်းရင်းသား လက်နက်ကိုင်များက ကြိုးပမ်းလာခဲ့ရာ မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင် ပဋိပက္ခများ အပြင်းအထန် ဖြစ်ပွားနေသည်။

ထိုလက်နက်ကိုင် ပဋိပက္ခများနှင့်အတူ မူးယစ်ဆေးဝါးများ မြန်မာနိုင်ငံအတွင်း ပေါများလာပြီ မူးယစ်ဆေးဝါး မှောင်ခို ကူးမှုများလည်း ပေါများလာသလို လက်နက်ကိုင် အင်အားစုများသည် လက်နက်ခဲယမ်းများ ဝယ်ယူရေး အတွက် ဒေသတွင်းရှိ သယံဇာတများ ထုတ်ယူ ရောင်းချမှုများလည်း လုပ်လာကြသည်။

သို့သော် လက်နက်ကိုင် အဖွဲ့အစည်းများသည် မူးယစ်ဆေးဝါး တရားမဝင် တင်သွင်းခြင်း၊ လက်နက်ခဲယမ်း မှောင် ခိုကူးခြင်းနှင့် သယံဇာတများ ထုတ်ယူရောင်းချခြင်းများကို ကိုယ်ကျိုးစီးပွားအဖြစ် အသုံးချလာကြသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။