CNI News

၂၀၂၆ ခုနှစ်၊ မေလ ၁၄

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုနှင့် သုံးစွဲမှုများ သိသိသာသာ မြင့်တက်လာသည့်အပေါ် အဘယ်ကြောင့် ထိုကဲ့သို့ ကြီးထွားလာလဲ ဆိုသည့်အပေါ် နိုင်ငံရေးလေ့လာသူများနှင့် အရပ်ဘက်အဖွဲ့အစည်း များကြား ထောက်ပြ ဆွေးနွေးမှုများ ရှိလာသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ နောက်ပိုင်း နိုင်ငံရေးပဋိပက္ခနှင့် စစ်ရေးပဋိပက္ခ ပြင်းထန်လာသည့် အခြေအနေကြားထဲ၌ နိုင်ငံတည်ငြိမ်အေးချမ်းမှု မရှိခြင်းကို အသုံးချကာ ၎င်းမူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်း မှောင်ခိုကူးမှုများ အကြီးအကျယ် လုပ်ကိုင်လာခဲ့ကြသည်။ 

ထို့နောက် တရားဥပဒေစိုးမိုးမှု ကျဆင်းလာကာ ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါး သားကောင်များဖြစ်လာပြီး နိုင်ငံ့အတွက် နစ်နာဆုံးရှုံးမှုများ ရှိလာသည်။ 

လက်ရှိ ရန်ကုန်မြို့အတွင်းရှိ အချို့မြို့နယ်များတွင် မူးယစ်‌ဆေးဝါး ဖြန့်ဖြူးရောင်းချခြင်းများကို အာဏာပိုင် အချို့ နှင့် ပူးပေါင်းကာ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေသည်များကို မြင်တွေ့ရကြောင်း၊ ၎င်းကိစ္စရပ်များသည် နိုင်ငံ မတည်ငြိမ်မှုများနှင့် တိုက်ရိုက် အချိုးကျမှုများ ရှိနေသည်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာ ညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။ 

ဖမ်းဆီးရမိတဲ့ မူးယစ်ချက် စက်ရုံကိုတွေ့ရစဉ်

၎င်းက “အန်တီကတော့လေ ဒါ တရားဥပဒေ စိုးမိုးမှုမရှိလို့ပဲ အန်တီက ပြောချင်တာလေ။ နောက်ပြီးတော့ ဒီလုပ်ငန်းက ငွေရလွယ်တယ်။ အချို့မြို့နယ်တွေမှာလည်းပေါ့နော် အောက်ခြေ အာဏာပိုင် တရားဥပဒေစိုးမိုးရေး အာဏာပိုင်တွေပေါ့ တချို့တွေမှာပါ။ အဲဒီလို အာဏာပိုင်အချို့နဲ့ ပေါင်းပြီးတော့ လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိလာတာကို တွေ့နေရတယ်။ မြို့နယ်တချို့မှာဆို တော်တော် ဆိုးတယ်။ အာဏာပိုင်နဲ့ကို ပတ်သက်ပြီးတော့ အာဏာပိုင်ရဲ့ အကာအကွယ်ကို ယူပြီးတော့ ရောင်းဝယ်ဖောက်ကား လုပ်နေတာတွေ ရှိတယ်လို့လည်း အန်တီတို့ ကြားရတယ်ပေါ့နော်။ အဲဒီတော့ ဒီရောင်းဝယ် ဖောက်ကားမှုတွေဟာပေါ့နော်။ လူငယ်လူရွယ်တွေ ကြားထဲမှာတင် မကဘူး အခုဟာက လူကြီးတွေ ဆီမှာပါ ပျံ့နှံ့လာတာကို တွေ့ရတယ်ပေါ့နော်။ ပြည်သူလူထု အများစုကတော့ အထွေထွေ ကျပ်တည်းမှုတွေ ရှိလာတော့ စိတ်ရဲ့ထွက်ပေါက် အနေနဲ့လည်း လွယ်လွယ်ကူကူရတယ်၊ ဈေးပေါပေါ ရတယ်။ ဆိုပြီးတော့ မူးယစ်ဆေးဝါး သုံးစွဲမှု ရှိလာတာကို တွေ့ရတယ်။ အလွယ်တကူ ဝင်နိုင်တဲ့ အခြေအနေ ဖြစ် နေတယ်လေ။ အဲဒီတော့ ဒီရပ်ကွက်တွေထဲမှာဆိုရင် ဒါပေါပေါသီးသီး တချို့နေရာတွေမှာ ရောင်းနေတာ တွေ့ရ တယ်။ အဲဒါလည်း တော်တော်အံ့ဩဖို့ကောင်းတယ်။ ဒီနေရာက လူဝင်လူထွက်များလို့ မသင်္ကာလို့ မေးကြည့်လိုက် လို့ရှိရင် အဲဒီအိမ်က ဆေးရောင်း‌တာလေဆိုတဲ့ ဟိုဟာကို တွေ့ရတယ်။ အဲဒီတော့ အန်တီတို့ သာမန်လူတွေ၊ ပြည်သူ‌တွေတောင်မှ သိနေရင် အာဏာပိုင်အချို့က မသိစရာ အကြောင်းမရှိဘူး။ ဒါကြောင့်မို့လို့ ဒီလုပ်ငန်းက ပူးပေါင်းပြီးတော့ အမြတ်ထုတ်နေတဲ့ လူတန်းစားတချို့ရှိတယ် အာဏာပိုင် လူတန်းစားတချို့ရှိတယ်လို့လည်း အန်တီတို့ ထင်ထင်ရှားရှား တွေ့နေရတယ်။ ဒါကြောင့်မို့လို့ ရန်ကုန်မြို့မှာ အထူးသဖြင့် ရန်ကုန်မြို့မှာ ရှိတဲ့ တရား ဥပဒေစိုးမိုးရေး အာဏာပိုင်တွေ အနေနဲ့ ဒီမူးယစ်ဆေးဝါး ရောင်းချဖြန့်ဖြူးတဲ့ ကိစ္စတွေကို တင်းတင်းကြပ်ကြပ် အရေးယူ ကိုင်တွယ်သင့်တယ်လို့ အန်တီတို့ မြင်တယ်ပေါ့နော်” ဟု ပြောသည်။

ယခုနှစ်(၂၀၂၆ ခုနှစ်)အတွင်းမှာ ရှမ်းပြည်နယ် (အ‌ရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင်  ငွေကျပ် ၂၀ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါနှင့် မိုင်းရယ်မြို့ အနီးတွင်လည်း မူးယစ်ဆေးဝါး ထုတ်လုပ်နေသည့် စက်ရုံများနှင့် မူးယစ်ရေးဆေးဝါး ထုတ်လုပ်ရေးအတွက် အသုံးပြုရာတွင် ပါဝင်သည့် ပစ္စည်းများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်မှ ၂၂ ရက်အတွင်းတွင် ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိမှုများသည် အနည်းအငယ်သာဖြစ်ပြီး တခြားသော ဖမ်းဆီးရမိများလည်း အများအပြားရှိသေး သလို လက်ရှိမှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ကွန်ရက်သည် ကြီးမားကျယ်ပြန့်လျက်ရှိနေ သည်။

ဖမ်းဆီးရမိတဲ့ မူးယစ်ချက် စက်ရုံကိုတွေ့ရစဉ်

ပြည်သူလူထုနှင့် အနီးစပ်ဆုံး သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့် အဂတိတရားကင်းစွာ ထိထိ‌ရောက်ရောက် အရေးယူဆောင်ရွက်ပေးရန် တိုက်တွန်းချင်သည်ဟု ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “အဲဒီတော့ အောက်ခြေ ပြည်သူလူထုကြားထဲမှာ ဆေးရောင်းချမှု လုပ်ငန်းတွေ ပြန့်နေတာကို အောက်ခြေ နဲ့ အနီးစပ်ဆုံး အာဏာပိုင်တွေက သိနေတာပဲလေ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေသိတယ်။ နယ်ထိန်းတွေ သိတယ် ပေါ့နော်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ နယ်ထိန်းတွေ‌ကို စေ့စေ့စပ်စပ် တင်းတင်းကြပ်ကြပ်နဲ့ ကိုင်တွယ်ပြီးတော့ သူတို့ရဲ့ တာဝန် အဂတိတရားကင်းကင်းနဲ့ ဆောင်ရွက်စေမယ်ဆိုရင် ဒါတွေက အများကြီး လျော့ကျသွားမယ်လို့ တော့ အန်တီတို့ မြင်တယ်။ ပြဿနာက အဂတိကင်းကင်းနဲ့ ဆောင်ရွက်နိုင်တဲ့ အာဏာပိုင်တွေကလည်း မရှိဘူး တော့ မဟုတ်ပါဘူး ရှိပါတယ်၊ တအား ရှားနေကြတယ်ပေါ့နော်။ ငွေရလွယ်တဲ့ လုပ်ငန်းဖြစ်တော့ ဒီလုပ်ငန်းက အကျိုးအမြတ်ရနေတဲ့ လုပ်ငန်းရှင်တွေကလည်း မသမာသူ လူတစ်စုကလည်းပဲ အာဏာပိုင်တချို့ကို အိတ်ကပ်ထဲ ထည့်ထားနိုင်တဲ့ အနေအထားမှာ ဖြစ်နေတယ်လေနော်။ ပြည်သူလူထုတွေရဲ့ ဘဝကို စတေးပြီးတော့ ကောင်းရာ ကောင်းဝယ်လည်း မဟုတ်တဲ့ လုပ်ငန်းပေါ့နော်၊ တကယ့်တိုင်းပြည်ရဲ့ အနာဂတ်လူငယ်တွေကိုလည်း ဖျက်ဆီး နေတဲ့ ဖြစ်စဉ်တွေပေါ့နော်။ အိမ်တိုင်းမှာလို ဆေးမစွဲတဲ့ လူတွေ မရှိသလောက်ဖြစ်နေတာ။ ဒါကြောင့်မို့လို့ အာဏာပိုင်တွေအနေနဲ့က ဒီလုပ်ငန်းအပေါ်မှာ ဒီ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းအပေါ်မှာ အဂတိတရားကင်းကင်းနဲ့ အထူးသဖြင့် မြို့နယ်အာဏာပိုင်တွေ၊ တိုင်းအာဏာပိုင်တွေက အထူးသဖြင့် ရပ်ကွက်နဲ့ နယ်ထိန်းတွေနဲ့ ပူးပေါင်းပြီးတော့ ဒီကိစ္စတွေကို ဖမ်းဆီး အရေးယူသင့်တယ်လို့တော့ အန်တီက အကြမ်းဖျင်း မြင်တယ်”ဟု ပြောသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း ငွေကျပ် ၁၇၆၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်‌ဆေးဝါးများနှင့် မူးယစ် ဆေးဝါး ထုတ်လုပ်ရာ၌ အသုံးပြုသည့် ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်ဟု နေပြည်တော်ဘက်က သတင်း ထုတ်ပြန်ချက်အရ သိရသည်။ 

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ကွန်ရက်ကို လက်နက်ကိုင်များ၊ စီးပွားရေးသမားများနှင့် အကျင့်ပျက်ခြစား သည့် အာဏာပိုင်များ၊ အိမ်နီးချင်းနိုင်ငံများမှ မူးယစ်ဆေးဝါးဂိုဏ်းများ ပူးပေါင်း၍ လုပ်ဆောင်နေကြကြောင်း၊ ထို့နောက် အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ- လာအို- ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ တင်ပို့လျက်ရှိသည်။