CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၄
မြန်မာနိုင်ငံတွင် လက်ရှိ လက်နက်ကိုင် ပဋိပက္ခများအကြား ရည်မှန်းချက်ထက် ကျော်လွန်ကာ နယ်မြေဒေသ များကို သိမ်းပိုက် ရရှိထားသည့် အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်သို့ ရောက်လာမည်ဟု ထင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အထူးသဖြင့်တော့ AA လို ကိုယ့်ရည်မှန်းချက်က အပြည့်အဝ ရနေတဲ့ အဖွဲ့အစည်းတွေ၊ နောက်တစ်ခါ MNDAA လို၊ TNLA လို အဖွဲ့အစည်းတွေက ရည်မှန်းချက်ထက်တောင် ကျော်ပြီးတော့ ရနေတဲ့ အဖွဲ့အစည်းတွေ အတွက်က လက်မှတ် ထိုးလိုက်ပြီးတဲ့ အခါကြရင် စစ်မြေပြင်မှာ တစ်ယောက်နဲ့ တစ်ယောက် လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ အနေအထားကနေ ပစ်ခတ်တိုက်ခိုက်ပြီးတော့ ရန်ဖြစ်နေတဲ့ အနေအထားကနေ စားပွဲ ဝိုင်းပေါ် ရွှေ့သွားမှာပေါ့။ မကြာခင်မှာ ကျနော်ထင်ပါတယ်။ အဲဒီစားပွဲဝိုင်းပေါ် ရောက်လာလိမ့်မယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုရင် မကြာသေးခင်ကပဲ TNLA က အခုတက်လာတဲ့ အစိုးရကို အသိအမှတ် ပြုပါတယ်ဆိုတဲ့ ဟာ မျိုး ကြေညာလိုက်တာတွေ့တော့ ဒါ တရုတ်ပြည်ရဲ့ နောက်ကနေပြီးတော့ ဖိအားပေးမှုကြောင့် ဖြစ်နိုင်သလို NCA ကို လက်မှတ်ထိုးပြီးတော့ သူတို့ရဲ့ စစ်ရေးတိုက်ပွဲကနေ နိုင်ငံရေးတိုက်ပွဲအဖြစ် စားပွဲဝိုင်းပေါ်ကို ရွှေ့ဖို့ သူတို့ အစ ပြုလိုက်တာလို့ ထင်တယ်။ ဆိုတော့ အစိုးရအနေနဲ့ကတော့ ရက် ၁၀၀ လို့ ပြောပေမယ့် စဉ်းစားထားရမှာက ဟုတ်ပြီ သူတို့လာပြီးတော့ NCA ကို လက်မှတ် ထိုးပါ့မယ်ဆိုလို့ရှိရင် သူတို့ကို မတိုက်တော့ဘဲနဲ့ အခုသူတို့ သိမ်း ပိုက်ထားတဲ့ ထိန်းချုပ်ထားတဲ့ ဒေသတွေကို အသိအမှတ်ပြုသလို ဖြစ်သွားမှာလား ဆိုတဲ့ဟာ အဲဒီဟာကို စားပွဲ ပေါ်မှာ ဆက်လက်ပြီးတော့ ဆွေးနွေးရမှာ အဲဒီလို ဖြစ်သွားလိမ့်မယ်။ ပြောချင်တာက အစိုးရက စဉ်းစားရမှာက သူတို့ တကယ်တမ်း လာပြီးတော့ လက်မှတ်ထိုးမယ်ဆိုရင် ဘယ်လို ကိုယ့်ဘက်က အခက်အခဲတွေ ဖြစ်နိုင်သလဲ ဆိုတာ” ဟု ပြောသည်။
လက်ရှိတွင် အာရက္ခတပ်တော်(AA)သည် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့မှအပ ကျန်မြို့ များအား သိမ်းပိုက်ရရှိထားပြီး ကိုးကန့်တပ်(MNDAA)နှင့် တအာင်းတပ် TNLA တို့သည်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသထက် ကျော်လွန်ကာ သိမ်းပိုက် ရရှိထားကြသည့် အခင်းအကျင်း ဖြစ်သည်။

လက်နက်ကိုင်ခေါင်းဆောင် တချို့နဲ့ သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ထို့ပြင် KIA သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်သာမက တော်လှန်ရေး အင်အားစုများကိုပါ မဟာမိတ် စုဖွဲ့ကာ လက်နက်ခဲယမ်း အပါအဝင် စစ်သင်တန်းပေးခြင်းတို့ကိုလည်း ထောက်ပံ့ပေးနေခြင်းဖြစ်သည်။
သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့ အနေဖြင့် ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်မီအထိ ရက်ပေါင်း ၁၀၀ အတွင်း NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မထိုးရ သေးသည့် လက်နက်ကိုင်အဖွဲ့များ အားလုံးကို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။
NCA လက်မှတ် ရေးထိုးထားပြီး ၅ နှစ်အတွင်း တွေ့ဆုံခြင်း မရှိသည့် အဖွဲ့များဖြစ်သော KNU၊ CNF၊ ABSDF အဖွဲ့များကိုလည်း ဖိတ်ခေါ်ကြောင်း ပြောဆိုထားသော်လည်း တရားဝင် အကြောင်းကြား လာခြင်းမျိုး မရှိသေး ကြောင်း သိရသည်။
ထိုဖိတ်ခေါ်မှုအား NCA ထိုးထားသည့် အဖွဲ့များ လာရောက်မည်ဖြစ်ပြီး အထူးဒေသအဖြစ် အခွင့်အရေး ရရှိပြီး တည်ဆောက်ထားသည့် ဒေသမှ တာဝန်ရှိ ပုဂ္ဂိုလ်များလည်း လာမည်ဖြစ်ကြောင်း၊ လက်နက်ကိုင် အင်အားဖြင့် နယ်မြေ တည်ဆောက်နေသည့် ကျန်အဖွဲ့များ လာခြင်း/မလာခြင်းသည် အကျိုးစီးပွားအပေါ် မူတည်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

KIA နှင့် တရုတ်အထူးကိုယ်စားလှယ်ဟောင်းကို တွေ့ရစဉ်
၎င်းက “ခုနကပြောတဲ့ အဲဒီအဖွဲ့အစည်းတွေပေါ့ လက်နက်၊ နယ်မြေ လက်ရှိတည်ရှိမှုတွေနဲ့ ပတ်သက်လို့ ခုနက ဆွေးနွေးပွဲလာခဲ့ရင် အားလုံးကတော့ ကိုယ့်အကျိုးစီးပွားနဲ့ ယှဉ်ကြတာကို။ နိုင်ငံဆိုလည်း နိုင်ငံ့ အကျိုးစီးပွား၊ အဖွဲ့အစည်းဆိုလည်း အဖွဲ့အစည်း အကျိုးစီးပွား။ သူတို့ရဲ့ စိတ်ဝင်စားမှု အကျိုးစီးပွား အဲဒီ အကျိုးစီးပွားအပေါ်မှာ ပိုပြီးတော့ အလေးထားမှာပေါ့။ အဲဒီတော့ အဲဒီအကျိုးစီးပွား ခုနကပြောတဲ့ လာရောက် တွေ့ဆုံဆွေးနွေးခြင်း အားဖြင့် ပိုပြီးတော့ ကောင်းမွန်တယ်ဆိုရင် တစ်နည်းအားဖြင့် စစ်ရေးပဋိပက္ခကနေ နိုင်ငံရေးအသွင်သဏ္ဍာန်အရ ဖြေရှင်းနိုင်မယ်လို့ ယူဆယုံကြည်လာကြမှာပေါ့။ အဲဒီလို လာကြတွေ့ကြတဲ့ အခါမှာလည်း သူ့အနေအထား၊ ကိုယ့် အနေအထားဆိုတာ ရှိမှာပေါ့။ ပျားလည်းစွဲသာ ရှဉ့်လည်းလျှောက်သာလား ချိန်ဆကြမယ်ထင်တယ်။ ဖိတ်ခေါ်တဲ့ ပုဂ္ဂိုလ်တွေဘက်က ဖိတ်ခေါ်ရတဲ့ အကြောင်းတရား နောက်ခံတွေ ဘယ်လောက်ထိ ဆွဲဆောင်စည်းရုံးနိုင်မှာလဲ။ participate လုပ်နိုင်မှာလဲ။ မက်လုံးပေါ့ အဲဒီအပေါ် မူတည်မယ်ထင်တယ်။ အဲဒီတော့ လာမယ့် ဇူလိုင် ၃၁ မတိုင် ခင်ကတော့ အဖြေထွက်မယ်ထင်တယ်” ဟု ပြောသည်။
နှစ်ဦးနှစ်ဖက် အကျိုးမရှိသည့် ငြိမ်းချမ်းရေးသည် ရေရှည်တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေးဟု မမြင်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော် မြင်တာကတော့ ငြိမ်းချမ်းရေးဆိုတဲ့ နေရာမှာ နှစ်ဦးနှစ်ဖက် အဖွဲ့အစည်းတွပဲဖြစ်ဖြစ်၊ အစိုးရပဲ ဖြစ်ဖြစ်၊ စစ်တပ်၊ တော်လှန်ရေးပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့်ဟာမျိုး သွားနိုင်ရင်တော့ ဒီဟာကတော့ ပြည်သူလူထုကို ကိုယ်စားပြုတယ်ဆိုပြီး ပြောလို့ရတာပေါ့။ ဒါပေမယ့် နှစ်ဦးနှစ်ဖက် အကျိုးမရှိတဲ့ ငြိမ်းချမ်းရေးက ရေရှည်မှာ တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေးလို့တော့ မမြင်ပါဘူး။ ဒါကြောင့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရှိလာပြီဆိုရင် နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ဟာကို ပြည်သူလူထုအတွက် အကျိုးရှိတယ်လို့ပဲ ကျနော် ဒီလိုပဲ သုံးသပ် ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် NSPNC က NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့အနက် ၇ ဖွဲ့ကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်စာများ ပေးပို့ထားပြီး တချို့အဖွဲ့များကို တွေ့ဆုံ ဆွေးနွေးနေပြီဖြစ်သည်။
အလားတူ TNLA နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကိုကိုဦးတို့ ၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်မှ ၁၃ ရက်အထိ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံ ဆွေးနွေးကြကြောင်း၊ ထို့နောက် MNDAA နှင့်လည်း ကောင်း၊ KIA နှင့်လည်းကောင်း ဆက်လက် ဆွေးနွေးကြမည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။
