CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၂
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တစ်ခုတည်းဖြင့် ပြီးပြည့်စုံသော ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးသည့် ပုံစံမျိုး ဖြစ်ပေါ်လာမည်ဟု မထင်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP)ဥက္ကဋ္ဌ ဦးသာထွန်းလှ က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “NCA အပစ်အခတ်ရပ်စဲရေးဆိုတဲ့ NCA စာချုပ် ဖြစ်ပေါ်ကတည်းက NCA စာချုပ်ဖြစ်ပေါ် လာအောင် ကြိုးစားတဲ့အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၀ ကျော် ပါဝင်ခဲ့တာ ရှိတယ်လို့ အဲဒီလို သိထားတယ်။ ဒါပေမယ့် စာချုပ်ရေးထိုးခါနီး တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ လောက်ပဲ လက်မှတ်ထိုးခဲ့တယ်။ နောက်မှ ၂ ဖွဲ့ထိုးတယ်။ စာချုပ်ဖြစ်ပေါ်ကတည်းက တိုင်းရင်းသား လက်နက်ကိုင်တွေက စုံစုံလင်လင် လက်မှတ် ထိုးခဲ့တဲ့ စာချုပ်တစ်ခု အနေနဲ့ ဖြစ်ပေါ်ခဲ့တယ်။ အခုတစ်ခါ ၂၀၂၁ နိုင်ငံအာဏာကို တပ်မတော်က ယူလိုက်ပြီး နောက်ပိုင်းမှာလည်း NCA စာချုပ်ကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲ ကိုယ်တိုင်က သဘောထား ကွဲလွဲမှုတွေ တော်တော်များများ ဖြစ်ပေါ်ခဲ့တာတွေကို မြင်တွေ့နေရတယ်။ အဲဒါကြောင့် NCA စာချုပ် တစ်ခုတည်းကို ကိုင်တွယ်လို့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုမျိုး ပုံစုံမျိုးဆိုရင်တော့ အလုံးစုံ အဖွဲ့အစည်း အကုန် လုံး ပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မျိုး ဖြစ်ပေါ်လာဖို့တော့ အခက်အခဲရှိတယ်လို့ မြင်တယ်။ ဒါကြောင့် ဒီနိုင်ငံမှာ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု ဆိုတာကလည်း အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုပုံစံ တည်ဆောက်ကြမလဲ ဆိုတဲ့အပေါ်မှာ ဆွေးနွေးတဲ့ ဆွေးနွေးမှုမျိုး၊ ပုံစံမျိုး အခင်းအကျင်းပေါ်မှာ တည်ဆောက်ဖို့ လိုတယ်လို့ မြင်တယ်။ အဲဒါကြောင့် NCA စာချုပ် တစ်ခုတည်းနဲ့တော့ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးတဲ့ပုံစံမျိုး ဖြစ်ပေါ်လာ မယ်လို့ ကျနော့် အနေနဲ့တော့ မမြင်ဘူး။ အဲဒီလိုပဲပြောချင်တယ်” ဟု ပြောသည်။
လက်ရှိတွင် သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ် အနေဖြင့် ငြိမ်းချမ်း ရေးနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် NCA မထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။

သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ထိုသို့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ရက်ပေါင်း ၁၀၀ အတွင်းသာဖြစ်ကြောင်း အချိန်ကာလလည်း သတ်မှတ်ထားကာ ဇူလိုင် ၃၁ ရက်နေ့ မတိုင်မီ လာရောက်ကြရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
အစိုးရအနေဖြင့် ငြိမ်းချမ်းရေး ဖိတ်ခေါ်လိုက်ရုံဖြင့် တာဝန်ကျေပြီဟု မှတ်ယူပါက ရှေ့ဆက်သွားရန် ခက်ခဲမည် ဖြစ်ကြောင်း၊ အစိုးရ သက်တမ်း ၅ နှစ်တာ ကာလအတွင်း နှစ်ပေါင်း ၈၀ ကြာ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး မည်ကဲ့သို့ လျှောက်လှမ်းမည်ကို မေးခွန်းထုတ်စရာရှိကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပထမတစ်ဆင့် အရွေ့တစ်ခုကတော့ ရွေ့နေပြီ။ ရွေးကောက်ပွဲ၊ ရွေးကောက်ခံ အစိုးရပေါ့။ ရွေးကောက်ခံ အစိုးရသည် ၁၉၄၈ လွတ်လပ်ရေး ခေတ်ဦးကစလာတဲ့ နိုင်ငံ့ပြဿနာကို လက်နက်ကိုင် ပဋိပက္ခကို ဘယ်လို ချုပ်ငြိမ်းအောင် လုပ်မှာလဲဆိုတဲ့ အန္တိမရည်မှန်းချက်၊ အဲဒီရည်မှန်းချက်ကို အခု ၅ နှစ်ပေါ့ ရွေးကောက်ခံ အစိုးရ တစ်ရပ် ဘယ်လိုလှမ်းမှာလဲ။ အတိတ်ကာလ အနှစ် ၈၀ ဆိုတာကို ဖျက်ခဲ့ရမှာပေါ့။ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခု ဘယ်လို အပေးအယူနဲ့ ရှေ့ကို ၅ နှစ်က စပြီးတော့ အချိန် အတိုအတွင်းမှာ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်တဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံတော်သစ်ကို တည်ဆောက် သွားမှာလဲဆိုတဲ့ဟာကို ကျနော်တို့လည်း မျှော်လင့်နေတာပါပဲ။ အဲဒီတော့ နှစ် ၈၀ နဲ့ ထပ်ပေါင်းတဲ့ ၅ နှစ်ဖြစ်မှာလား ကျနော်တို့လည်း မေးခွန်းမေးပါတယ်။ အဲဒီလိုဆို ဆိုးကျိုး သံသရာက ဆက်သွားဦးမယ့် သဘောပေါ့။ သို့မဟုတ် နှစ် ၈၀ ကို ဖျက်ပြီးမှ အခုအသစ် ပြန်ခြေလှမ်းလှမ်းမယ့် ၅ နှစ်တာကာလ နိုင်ငံတော် အသစ်အတွက် ကနဦး ၅ နှစ် ခြေလှမ်းသစ် ဖြစ်မှာလားဆိုတာ မျှော်လင့်တာပေါ့။ အဲဒီ လို တွေ့ဆုံဆွေးနွေး အဖြေရှာဖို့က ယုံကြည်မှုအတွက် ယုံကြည်မှုကို လမ်းခင်းပေးနိုင်တဲ့ အချင်းချင်းယုံကြည် နိုင်အောင် သံခင်းတမန်ခင်း လွန်းပြန် တွေ့ဆုံဆွေးနွေးရေး ထိစပ်ပေးမယ့် အကျိုးတော်ဆောင်လေးတွေလည်း လိုအပ်တာပေါ့။ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ပြေးလိုက် အစိုးရဆီပြေးလာလိုက် ဒီဘက်က ရတာ ဟိုပြော၊ ဟိုဘက်က ရတာ ဒီပြော၊ ရလဒ်ထွက်အောင်၊ နှစ်ဖက်ယုံကြည်မှု တည်ဆောက်အောင် ချိုသာတဲ့ ပျားလည်းစွဲသာ ရှဉ့်လည်းလျှောက်သာ ဖြစ်အောင် လုပ်ရမယ့် မမောနိုင်မပမ်းနိုင် နိုင်ငံတော်အတွက် အဲဒီလိုမျိုးအင်အားစုတွေ ကလည်း လိုကောင်းလိုမှာပေါ့။ ငါ့တာဝန်ကျေပြီ ငါကြေညာလိုက်ရင် တော်ပြီဆိုတာမျိုး လောက်နဲ့တော့ အကုန် လာကြမှာပဲ မလာရင်လည်း ပြီးပြီဆိုတာမျိုးလောက်နဲ့ ရှေ့ဆက်သွားဖို့က ခက်မယ်” ဟု ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက် ၂၀၁၁- ၂၀၁၂ ခုနှစ်များ အတွင်းတွင် တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့နှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေးစာချုပ် (Bilateral) လက်မှတ်ရေးထိုးခဲ့ကြသလို ၂၀၁၃ ခုနှစ်မှာ NCA စာချုပ်ကို စတင်ဆွေးနွေး၍ ၂၀၂၅ ခုနှစ်၊ သြဂုတ်တွင် NCA စာချုပ်အား မူကြမ်းရရှိခဲ့သည်။
ထို့နောက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် KNU, RCSS, ALP, DKBA, KNU/KNLA-PC, PNLO, CNF, ABSDF တို့ဖြင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် NMSP နှင့် LDU တို့ဖြင့်လည်းကောင်း လက်မှတ် ရေးထိုးခဲ့ကြသည်။
သို့သော် ၂၀၂၁ ခုနှစ်နောက်ပိုင်း အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာပြီး NCA ကနေ KNU,CNF,ABSDF က နုတ်ထွက်ခဲ့ပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။
