CNI News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃

လာမည့် NCA (၁၀)နှစ်ပြည့်သည် ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ခြင်းဖြစ်သောကြောင့် လက်ရှိ အခင်းအကျင်း နှင့် သက်ဆိုင်သူ အားလုံးကို ဖိတ်ရမည်ဖြစ်ပြီး ရန်ဖြစ်ထားသည်ဆိုပါက အားလုံးကို ဖိတ်စရာမလိုကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်နေ့တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပမည်ဖြစ်ပြီး အခမ်းအနားပြီးနောက် အောက်တိုဘာ ၁၆-၁၇ ရက်တို့တွင်  ၂ ရက်တာ ငြိမ်းချမ်းရေးဖိုရမ်ကို ပြုလုပ်သွားမည်ဟု သိရသည်။

ငြိမ်းချမ်းရေးအတွက် လုပ်သည်ဆိုကတည်းက အားလုံးကို ဖိတ်ရမှာဖြစ်ပြီး ယူကရိန်းနိုင်ငံသည် တိုက်ရင်း ဆွေးနွေးသော လုပ်ငန်းစဉ်ကို လုပ်ဆောင်သကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် ထိုသို့ လုပ်ဆောင်ပါက မမှားဘူးဟု ထင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

NCA ၈ နှစ်ပြည့် အခမ်းအနားမှာ လက်နက်ကိုင်များနဲ့နိုင်ငံရေးသားများကို တွေ့ရစဉ်

၎င်းက “ဖိတ်တဲ့လူကလည်း ဖိတ်သလား၊ ဖိတ်ချင်သလား။ နောက်ပြီး အဖိတ်ခံရတဲ့သူကလည်း သွားမလား၊ မသွားဘူးလားဆိုတာ ကျနော်မသိဘူး။ ဒါပေမယ့် ဖိတ်တာတော့ ငြိမ်းချမ်းရေး လုပ်တယ်ဆိုကတည်းက အကုန် လုံး ဖိတ်ရမှာပေါ့။ ရန်ဖြစ်တယ်ဆိုရင်တော့ အကုန်လုံး ဖိတ်စရာမလိုဘူးပေါ့။ တိုက်တဲ့လူကလည်း သူက ဘယ်နည်းနဲ့မဆို ငါတို့ ဘယ်လောက်ပဲတိုက်တိုက် နောက်ဆုံးကြတော့ ဆွေးနွေးကြရမှာပဲကွာ ဆိုလို့ရှိရင်လည်း သူတို့လည်း ဖိတ်လာရင် လက်ခံသင့်တာပေါ့။ နိုင်ငံတကာ ကြည့်လိုက်ပေါ့။ ဆွေးနွေးရင်း တိုက်ရင်းပဲ ယူကရိန်း ကြည့်လည်း ဆွေးနွေးရင်း တိုက်ရင်းပဲ။ ယူကရိန်းတောင် လုပ်တယ်ဆို ကျနော်တို့လည်း လုပ်တာမမှားဘူးလို့ ထင်တာပေါ့” ဟု ပြောသည်။

ထို (၁၀)နှစ်ပြည့် အခမ်းအနားအား စာချုပ်ရေးဆွဲစဉ်က ပါဝင်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) ခေါင်းဆောင်များကို ဖိတ်ကြားရန်ရှိကြောင်း သိရသည်။

အဆိုပါ NCA (၁၀)နှစ်ပြည့် အခမ်းအနားသို့ NCA ထိုးထားသည့် ၇ ဖွဲ့အပြင် UWSA၊ MNDAA နှင့် SSPP စသည့် ၃ ဖွဲ့လည်း တက်ရောက်ကြမည်ဟု သုံးသပ်ထားကြသကဲ့သို့ ULA/AA, TNLA  နှင့် KNU တို့လည်း တက်ရောက်နိုင် ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား သုံးသပ်မှုများရှိသည်။

NCA ၈ နှစ်ပြည့် အခမ်းအနား တက်ရောက်ကြသူများကိုတွေ့ရစဉ်

NCA (၁၀)နှစ်ပြည့် အခမ်းအနားနှင့် ငြိမ်းချမ်းရေးဖိုရမ်အတွက် ဖိတ်ခေါ်သင့်သည့် အဖွဲ့များကို အကြံပြုထားသော် လည်း NSPNC ဘက်မှ တစ်စုံတစ်ရာ ပြန်ကြားချက်မျိုး မကြားရသေးကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင် လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီအဖွဲ့ကို ဖိတ်သင့်တယ်၊ ဟိုအဖွဲ့ကို ဖိတ်သင့်တယ် စသည်ဖြင့် ကျနော်ကိုယ်တိုင် အကြံပြုတာတွေ ရှိတယ်။ ဒါပေမယ့် ဘာမှ ပြန်ကြားချက် မကြားရဘူး။ တုန့်ပြန်ချက် မကြားရတော့ ကျနော်လည်း မပြောနိုင်ဘူး ပေါ့ဗျာ အခု လောလောဆယ်က။ တချို့တလေကတော့ ကျနော်ထင်တယ် NSPNC  ကလည်း တပ်ချုပ်ကြီး ရုရှား ပြန်ရောက် လာမှာကို စောင့်နေရမယ်ထင်တယ်။ တိုက်တာရော၊ မတိုက်တာရော အကုန်ဖိတ်သင့်တာပေါ့။ သွားတာ၊ မသွားတာက တစ်ကြောင်းလေ ဟုတ်တယ်မလား။ ဒါပေမယ့် သူတို့ဖိတ်တယ်၊ မဖိတ်ဘူးဆိုတာလည်း ကျနော်တို့ မသိရ ဘူး။ အဖိတ်ခံရတဲ့လူကလည်း အဖိတ်ခံရလား၊ မရဘူးလားဆိုတာလည်း မပြောတော့ ကျနော် တို့လည်း မပြောတတ်ဘူးပေါ့” ဟု ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားနှင့် ငြိမ်းချမ်းရေးဖိုရမ်ကို တက်ရောက်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များကို အိမ်နီးချင်း နိုင်ငံများက ဖိအားပေး လာနိုင်ကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများရှိသည်။