CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၄

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးခြင်း (၈)နှစ်မြောက် နှစ်ပတ် လည်နေ့ အခမ်းအနား တက်ရောက်နိုင်ရေး NCA နှင့် ပတ်သက်သူ အားလုံးကို ဖိတ်ကြားထားသည်ဟု NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီမှ CNI သတင်းဌာနသို့ ပြောသည်။

NSPNC ၏ NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်မည့် NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို နိုင်ငံရေး အနှစ်သာရရှိရှိ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်အကြီးအကဲများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ NCA လက်မှတ် ရေးထိုးခဲ့သည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ NCA တွင် သက်သေအ ဖြစ် ပါဝင်လက်မှတ် ရေးထိုးခဲ့ကြသည့် ပြည်တွင်း/ပြည်ပမှ ပုဂ္ဂိုလ်များကို ဖိတ်ကြားထားကြောင်း NCA (၈)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီမှ ပြောသည်။

NCA လက်မှတ်ထိုးခဲ့သည့် KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့က တွေ့ဆုံစဉ်

ထို့အပြင် NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံခြား သံတမန်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေး အကျိုးဆောင်များ၊ အခြား ပါဝင်သင့် ပါဝင်ထိုက်သူများ၊ NGO/INGO များကို လည်း ဖိတ်ကြားထားကြောင်း ၎င်းက ပြောသည်။

ထို့နောက် NCA မှာ ပါဝင် လက်မှတ်ရေးထိုးသည့် EAO အဖွဲ့များနှင့် NCA ပေါ်ပေါက်ရေး ပါဝင် ဆွေးနွေးပံ့ပိုး ဆောင်ရွက်ပေးခဲ့ကြသည့် ငြိမ်းချမ်းရေးလိုလားသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို အလေးထား ဖိတ်ကြား ထားသည်ဟု NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီမှ CNI သတင်း ဌာနသို့ ပြောသည်။