CNI News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂

မကြာခင် ပေါ်ပေါက်လာမည့် အစိုးရသစ် လက်ထက်တွင် ငြိမ်းချမ်းရေးနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာန တစ်ခုခု ဖော်ဆောင်သင့် သလားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရန်အတွက် ကော်မတီတစ်ရပ် အနေဖြင့်သာ ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်ကို တွေ့ရသည်။

ထို့ကြောင့် လက်ရှိ စိန်ခေါ်မှု အခက်အခဲ များပြားသည့် အခင်းအကျင်းတွင် ငြိမ်းချမ်းရေးကို အားသွန်ခွန်စိုက် လုပ်ကိုင်နိုင်မည့် အဖွဲ့အစည်းတစ်ခု အမှန်တကယ် လိုအပ်ကြောင်း 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကော်မတီတွေ ဘာတွေဖွဲ့တယ်။ ပူးတွဲကြိုးပမ်းပြီးတော့ လုပ်ဆောင်ကြတာတွေ ရှိပါတယ်။ သို့သော် လည်းပဲ ဒါအစိုးရတစ်ရပ်အနေနဲ့ ဒီနိုင်ငံရဲ့ အရေးအရာ ကိစ္စရပ်များအားလုံးကို လုပ်ကိုင် ဆောင်ရွက်နေတဲ့ အစိုးရ တစ်ရပ်အနေနဲ့ ဒီနိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့ issue တစ်ခုအတွက် သပ်သပ်မတ်မတ် အဖွဲ့တစ်ခု၊ သပ်သပ်မတ်မတ် တာဝန်ပေးအပ်မှုတစ်ခု ရှိတယ်ဆိုရင်တော့ ဒါပိုပြီးတော့ အရင်တုန်းက ကော်မတီတွေထက် ဆိုရင်တော့ ထိရောက်မှု ရှိနိုင်မယ်လို့တော့ ကျနော်ကတော့ အဲဒီလိုမျိုးပဲ နားလည်တယ်။ နောက်ပြီးတော့လည်း ကျနော်တို့ အမြဲတမ်း ပြောပါတယ် 7 EAO မှာလည်း အစိုးရတွေကို အမြဲတမ်း တိုက်တွန်းပါတယ်။ ကျနော်တို့ အတွက် ငြိမ်းချမ်းရေးက အမှန်ကို တကယ်ပဲ လိုအပ်ပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ အခုလုပ်နေတဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေ ဘာတွေက မပြည့်မစုံ၊ စနစ်တကျ မရှိဘဲနဲ့ သွားနေရတဲ့ အခင်းအကျင်းထက် စနစ်တကျ အခင်း အကျင်းတစ်ခု ဖြစ်မြောက်ဖို့အတွက်ဆိုရင် ခုနက တကယ်လို့ အစိုးရကနေပြီးတော့ ဝန်ကြီးဌာန တစ်ခုခု အနေနဲ့ ပေါ့လေ။ ဝန်ကြီးဌာနလား ဘာလားတော့ မသိဘူးပေါ့လေ၊ ဒါသူတို့လုပ်ရမယ့်အလုပ်။ သေချာတာကတော့ ကျနော်တို့လည်း တောင်းဆိုခဲ့တာ ရှိတယ်။ အစိုးရတစ်ရပ်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ခိုင်မာတဲ့ ပေါ်လစီတွေကို ချမှတ်ဖို့သင့်တယ်။ ပြီးတော့ အဲဒီငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့အတွက် စနစ်တကျ ဖွဲ့စည်းထား တဲ့ ယန္တရားတစ်ခု သပ်သပ်မတ်မတ် ရှိသင့်တယ်၊ ရှိဖို့လည်း လိုအပ်တယ်” ဟု ပြောသည်။

တပ်မတော် ခေါင်းဆောင်များကို တွေ့ရစဉ် 

မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ငြိမ်းချမ်းရေးအတွက် အစိုးရမဟုတ်သော ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ ဖွဲ့စည်းရန် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် Peace Forum 2025 ၌ ဆွေးနွေးခဲ့ကြသေး သည်။

လက်ရှိ မြန်မာ့တပ်မတော်မှာ နိုင်ငံကို အုပ်ချုပ်စဉ် ကာလတွင် ငြိမ်းချမ်း‌ရေးဆွေးနွေးမှုများ၊ ဖိုရမ်များ ပြုလုပ် သည့် အခါ၌ NSPNC က ဦးဆောင် လုပ်ဆောင်ရခြင်း ဖြစ်သော်လည်း အခြားသော ဝန်ကြီးဌာနများမှ ဝိုင်းဝန်း စီစဉ်ကာ ကူညီပေးရခြင်းများရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်ထက်က CNI သတင်းဌာနသို့ ပြောသည်။

ထို့ကြောင့် မြန်မာ့နိုင်ငံရေးအတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အစိုးရမှ ဖွဲ့စည်းသည့် ငြိမ်းချမ်းရေးဝန်ကြီး ဌာန သီးသန့် တစ်ခုအဖြစ်လည်းရှိသင့်ပြီး NSPNC ကဲ့သို့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီကိုလည်း နိုင်ငံတော် ဗဟိုအဆင့် ရှိသင့်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် ၎င်းတို့နှစ်ခု တစ်ပြိုင်တည်း သွားသင့်ကြောင်း ၎င်းက ပြောသည်။

၎င်းက “ကျနော်တို့ ဘယ်လိုလူပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းသင့်လဲဆိုရင် ၂၀၁၀ NCA လမ်းကြောင်းပေါ်မှာ စတင်ပြီး တော့မှ နိုင်ငံရေးအရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့တဲ့လူတွေ၊ တိုင်းရင်းသားလက်နက်ကိုင် ရင်းနှီးတဲ့လူ တွေ၊ ပုဂ္ဂိုလ်တွေရှိတယ်။ ဆက်စပ်မှုရှိတဲ့ ပုဂ္ဂိုလ်တွေ၊ နောက်ပြီးရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ ငြိမ်းချမ်း ရေး လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရှိတာပေါ့။ ငြိမ်းချမ်းရေး လက်မှတ်ထိုးထားတဲ့ NCA ၁၀ ဖွဲ့ဆိုတာရှိတယ်။ နောက်ပိုင်း ပြန်ပြီးတော့ နိုင်ငံရေး အခြေအနေအရ လျော့သွားတာတွေရှိတယ်။ အဲဒီလို အဖွဲ့တွေထဲက လူတွေကို လည်း ပါဝင်ခွင့်ပေးပြီးတော့ လုပ်မယ်ဆိုရင်တော့ အမျိုးသားရင်ကြားစေ့ရေးပေါ့။ ငြိမ်းချမ်းရေးအပေါ်မှာ အားလုံး က ပိုပြီး လက်ခံလာတဲ့ သဘောတရား ဖြစ်လာနိုင်တယ်။ အဲဒီမှာဆိုရင် ဝန်ကြီးကို အစိုးရထည့်သလို ဒုဝန်ကြီးကို လည်း NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ထဲက တိုင်းရင်းသား ခေါင်းဆောင်တွေကို ထည့်သွင်းတဲ့ ပုံစံမျိုး အဲဒီလို ဖွဲ့မယ်ဆိုရင်လည်း ကောင်းပါတယ်။ ပိုပြီးတော့ လှတာပေါ့။ အဲဒီအပြင်ကို ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟို ကော်မတီ ကလည်း ရှိသင့်တယ်။ နိုင်ငံတော် ဗဟိုအဆင့်ပေါ့။ အဲဒါလည်း ပြည်ထောင်စုအဆင့်ကလည်း ရှိသင့် တယ်။ ဒီဘက်က ဝန်ကြီးဌာနကလည်း လုပ်ငန်းတွေ ဖော်ဆောင်တဲ့ နေရာမှာ သမ္မတရဲ့ အထူးအာဏာ လွှဲအပ် ခြင်းခံရတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ဖို့လိုတာပေါ့။ ဥပမာ အရင်တုန်းကဆိုရင် ဦးအောင်မင်းတို့ လုပ်ခဲ့တဲ့ ပုံစံမျိုးပေါ့။ အဲဒါ မျိုးလေးတွေ တိုင်းရင်းသားတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါမှာ ငြိမ်းချမ်းရေးဝန်ကြီးကနေ ဦးဆောင်ပြီးတော့ အရင် ဆုံး ကနဦး ဆွေးနွေးရတာတွေရှိတယ်။ အဲဒီလိုဆွေးနွေးပြီးတော့မှ အချောသတ် ပြန်ဆွေးနွေးဖို့ကို စားပွဲဝိုင်းပေါ် မှာ ပြန်ဆွေးနွေးကြတာတွေ ရှိတယ်။ အဲဒီလိုရှိတော့ ဝန်ကြီးဌာန လုပ်လိုက်ခြင်းအားဖြင့်တော့ သူ့ရဲ့ ဝန်ကြီး၊ သူ့ရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်ကြောင့် ပိုပြီးတော့မှ ရှေ့ရောက်မယ့် ပုံစံမျိုး ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူများကိုတွေ့ရစဉ် 

လက်ရှိတွင် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြီးစီးခဲ့ပြီး လာမည့်မတ်လ၌ လွှတ်တော် ခေါ်ယူမည်ဖြစ်ကာ အနိုင်ရသူကို လုပ်ငန်းစဉ်များအတိုင်း နိုင်ငံတော်တာဝန် လွှဲပြောင်းပေးအပ်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)  ချုပ်ဆိုနိုင်ခဲ့ခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်း စဉ် တိုးတက်မှုအတွက် ယနေ့အချိန်အထိ အရေးပါနေဆဲ ဖြစ်သည့်အတွက် NCA သဘောတူညီ ချက်များကို လက်တွေ့အသုံးချ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဟု နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ဇန်နဝါရီ ၂၇ ရက်နေ့က ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးတွင် ပြောကြားခဲ့သည်။
လာမည့် အစိုးရသစ် လက်ထက်တွင် NCA အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော် နိုင်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးဝန်ကြီးဌာနကို ဖွဲ့စည်းသွားရန် စဉ်းစားမှုများရှိကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ပါဝင်နေသူများဖြင့် နီးစပ်သူများထံကနေ သိရသည်။

တောင်ကိုရီးယားနိုင်ငံတွင် တောင်-မြောက် နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးအတွက် ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနဆိုကာ သီးသန့် ဖွဲ့စည်း၍ ကြိုးပမ်းမှုများ ရှိကြောင်း သိရသည်။