CNI International News
ဘာလင်၊ ဖေဖော်ဝါရီ ၂
ဥရောပအစိုးရများ အနေဖြင့် အမေရိကန်နှင့်ပတ်သက်ပြီး ယခုထက် ပိုပြီး ယုံကြည်မှုရှိရှိဖြင့် တုန့်ပြန်ဆောင်ရွက် ကြရန် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘိုးရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) က တိုက်တွန်းခဲ့ကြောင်း DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
“ကျနော်တို့ဟာ မြွေကိုကြည့်နေရတဲ့ ယုန်တစ်ကောင်လို အိမ်ဖြူတော်ကိုပဲ ငေးကြည့်နေမယ်ဆိုရင် ဒါဟာ မှားယွင်းတဲ့ လုပ်ရပ် ဖြစ်ပါလိမ့်မယ်။ အဲဒီလိုသာ လုပ်နေမယ်ဆိုရင် ကျနော်တို့ တကယ် လုပ်ဆောင်ရမယ့် အရာဖြစ်တဲ့ ကိုယ်ပိုင် အချုပ်အခြာအာဏာ ပိုမိုခိုင်မာ လာစေရေးနဲ့ လွတ်လပ်စွာ ရပ်တည်နိုင်ရေးဆိုတဲ့ အချက် ကို အာရုံစိုက်နိုင်တော့မှာ မဟုတ်ပါဘူး”ဟု ပစ္စတိုးရီးယပ်စ်က RND မီဒီယာကို ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ၎င်း၏ ရည်မှန်းချက်များ အောင်မြင်ရန်အတွက် မရေရာမှု အခြေအနေနှင့် အကြောက်တရားကို အသုံးချလေ့ရှိကြောင်း၊ သို့သော် ကြောက်ရွံ့နေသူများသည် မှားယွင်းသော ဆုံးဖြတ်ချက်များကို ချမှတ်တတ်ကြသဖြင့် မိမိတို့အနေဖြင့် ခြိမ်းခြောက်မှုကို ထိတ်လန့် မနေ သင့်ကြောင်း ၎င်းက ဆိုသည်။
ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်သော ဂရင်းလန်း (Greenland) ကျွန်းကို အမေရိကန်က ထိန်းချုပ်နိုင်ရေးအတွက် ထရမ့်က ကြိုးပမ်းနေမှုအပေါ် ဥရောပအစိုးရများက ခုခံတွန်းလှန်နေကြသည့် အခြေအနေကို ပစ္စတိုးရီးယပ်စ်က ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဂျာမနီကာကွယ်ရေးဝန်ကြီး ဘိုးရစ် ပစ္စတိုးရီးယပ်စ်ကို တွေ့ရစဉ်
ဥရောပတိုက်သားများက အမေရိကန်ကို လိုအပ်သကဲ့သို့ပင် အမေရိကန်ကလည်း ဥရောပကို ပြန်လည်လိုအပ် ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဥရောပသည် အမေရိကန်အတွက် ပထဝီမဟာဗျူဟာအရဖြစ်စေ၊ စီးပွားရေး အရဖြစ်စေ အလွန် အရေးပါသောကြောင့်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
“တကယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) သာ အမေရိကန်တွေကို ဥရောပကနေ မောင်း ထုတ် နိုင်ခဲ့ရင် ဒါမှမဟုတ် သူတို့ဘာသာ ဆုတ်ခွာသွားအောင် လုပ်နိုင်ခဲ့ရင် ဥရောပဟာ ရုရှားရဲ့ ဩဇာလွှမ်းမိုးမှု အောက် ရောက်သွားပါလိမ့်မယ်။ အဲဒီလိုဖြစ်လာရင် ဘာတွေ ဆက်ဖြစ်မလဲဆိုတာ မြင်ယောင်ကြည့်ပါ”ဟု ပစ္စတိုးရီးယပ်စ်က ဆိုသည်။
ထိုအခြေအနေမျိုး ဖြစ်လာပါက အမေရိကန်သည် ရုရှားနှင့် တရုတ်တို့အကြား ကြားညှပ်သွားလိမ့်မည် ဖြစ်ကြောင်း၊ ထိုဖြစ်ရပ်သည် အမေရိကန်တို့၏ အကျိုးစီးပွားအတွက် လုံးဝ ဖြစ်နိုင်ခြေ မရှိသော အခြေအနေ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Source: DW
