CNI International News
နွတ်ခ်၊ ဇန်နဝါရီ ၁၇
ဂရင်းလန်းကျွန်း၏ အနာဂတ်နှင့် ပတ်သက်၍ ဒိန်းမတ်၊ ဂရင်းလန်းနှင့် အမေရိကန် ကိုယ်စားလှယ်များအကြား ဆွေးနွေးမှုများတွင် သဘောထား ကွဲလွဲမှုများ ရှိနေချိန်၌ ဒိန်းမတ်နိုင်ငံအား ထောက်ခံကြောင်း ပြသသည့် အနေ ဖြင့် ဥရောပနိုင်ငံအချို့မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၆ ရက်က ဂရင်းလန်းသို့ ရောက်ရှိလာခဲ့ကြကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ဒိန်းမတ်၊ ဂရင်းလန်း အရာရှိများနှင့် ထပ်မံပြုလုပ်မည့် ဆွေးနွေးပွဲများသည် ဂရင်းလန်းကျွန်းကို ရယူရေးအတွက် သဘောတရားရေးရာ ဆွေးနွေးမှုများဖြစ်သည်ဟု အိမ်ဖြူတော်က ဖော်ပြခဲ့ပြီးနောက် သဘောထား ကွဲလွဲမှုများမှာ ပိုမိုမြင့်တက်လာခဲ့သည်။
အိမ်ဖြူတော်၏ ဖော်ပြချက်သည် ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး လားစ် လော့ကီ ရပ်စ်မူဆန် (Lars Løkke Rasmussen) ၏ ပြောကြားချက်နှင့် အလုံးစုံ ကွဲပြားနေသည်။
ရပ်စ်မူဆန်က အမေရိကန်နှင့် ဆွေးနွေးပွဲများသည် သဘောထား ကွဲလွဲမှုများကို ဖြေရှင်းရန် နည်းလမ်းများ ရှာဖွေ မည့် လုပ်ငန်း တာဝန်အုပ်စုဟု သုံးနှုန်းဖော်ပြခဲ့သည်။

ဂရင်းလန်းကျွန်းကိုတွေ့ရစဉ်
“ကျနော်တို့အမြင်မှာတော့ ဒီအုပ်စုဟာ အမေရိကန်၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ဘယ်လို ဖြေရှင်းရ မလဲ ဆိုတာကို အဓိကထား ဆွေးနွေးသင့်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒိန်းမတ်နိုင်ငံရဲ့ စည်းကမ်းချက်တွေ ကိုလည်း လေးစားလိုက်နာဖို့ လိုအပ်ပါတယ်”ဟု ရပ်စ်မူဆန်က ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ အပြီးတွင် ပြောကြားခဲ့သည်။
ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်သည့် ဆွေးနွေးပွဲများ မစတင်မီ ဒိန်းမတ်နိုင်ငံမှ ဂရင်းလန်းကျွန်းတွင် စစ်အင်အားကို တိုးမြှင့်ချထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ နော်ဝေ၊ ဆွီဒင်နှင့် နယ်သာလန်တို့ အပါအဝင် ဥရောပမဟာမိတ်နိုင်ငံ အချို့ကလည်း ဒိန်းမတ်နှင့်အတူ ရပ်တည်ကြောင်း ပြသသည့် အနေဖြင့် တပ်ဖွဲ့ဝင် အင်အားအချို့ကို စတင် စေလွှတ်ခဲ့ကြပြီး ကျန်နိုင်ငံများကလည်း လာမည့်ရက်ပိုင်းအတွင်း ဂရင်းလန်းသို့ တပ်ဖွဲ့များ စေလွှတ်သွားမည်ဟု ကတိပြုခဲ့ကြ သည်။

ဂရင်းလန်းကျွန်းကိုတွေ့ရစဉ်
ထိုကဲ့သို့ တပ်ဖွဲ့များ စေလွှတ်ခြင်းသည် ဥရောပနိုင်ငံများကြား ညီညွတ်မှုကို ပြသရန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကို သတင်းစကားတစ်ခု ပေးပို့ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။
ထိုသတင်းစကားမှာ ရုရှားနှင့် တရုတ်တို့၏ စိတ်ဝင်စားမှု မြင့်တက်လာနေသော အာတိတ်ဒေသ၏ လုံခြုံရေးကို နေတိုးအဖွဲ့ဝင်များက စုပေါင်းပြီး ကာကွယ်စောင့်ရှောက်နိုင်သောကြောင့် အမေရိကန်အနေဖြင့် ဂရင်းလန်းကျွန်း ကို သိမ်းယူရန် မလိုအပ်ကြောင်း ပြသသည့် လက္ခဏာတစ်ခု ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ခဲ့သည်။
Source: အေပီ
