CNI International News

မော်စကို၊ ဇန်နဝါရီ ၂၃

ဂရင်းလန်းကျွန်း (Greenland) ပိုင်ဆိုင်မှုကိစ္စသည် ရုရှား၏ စိုးရိမ်စရာကိစ္စ မဟုတ်ကြောင်းနှင့်  ထိုကျွန်းနှင့် ပတ်သက်ပြီး အမေရိကန်နှင့် ဒိန်းမတ်တို့သာ ဖြေရှင်းရမည့်ကိစ္စဖြစ်ကြောင်း ရုရှားသမ္မတ ပူတင် (Vladimir Putin) က ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ဂရင်းလန်းကျွန်းကို ရယူရန် ကြိုးပမ်းမှုကြောင့် အမေရိကန်နှင့် ဥရောပကြား သဘောထားကွဲလွဲမှု ပိုမိုကြီးမားလာမှုအပေါ် ရုရှားက ကျေနပ်အားရစွာ စောင့်ကြည့် နေခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ထရမ့်၏ လှုပ်ရှားမှုများသည် အာတိတ်ဒေသတွင် အင်အားတောင့်တင်းစွာ ရှိနေပြီးသားဖြစ်သော ရုရှားနိုင်ငံအပေါ် သက်ရောက်မှုများ ရှိလာနိုင်သော်လည်း ရုရှားက ဂရင်းလန်းကျွန်းကို စိတ်ပူစရာကိစ္စ မဟုတ်ကြောင်း ရှုမြင်နေ ခြင်း ဖြစ်သည်။

ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းကို တွေ့ရစဉ် 

ထရမ့်သည် ဂရင်းလန်းကျွန်းကို ရယူရန်အတွက် ဖိအားတစ်ခုအဖြစ် အသုံးပြုခဲ့သည့် ဥရောပနိုင်ငံများအပေါ် ကုန်သွယ်ခွန် ကောက်ခံမည့် ခြိမ်းခြောက်မှုအား ပြန်လည်ရုပ်သိမ်းခဲ့ပြီး စစ်အင်အား အသုံးပြုတော့မည် မဟုတ် ကြောင်းလည်း  ဇန်နဝါရီ ၂၁ ရက်က ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ် (Davos) မြို့တွင် ပြောကြားခဲ့သည်။

ဆယ်စုနှစ်များစွာအတွင်း အမေရိကန်နှင့် ဥရောပကြား အကြီးမားဆုံး သဘောထား ကွဲလွဲမှုအား ဖြစ်စေခဲ့သည့် ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်း ပိုင်ဆိုင်မှုကို အဆုံးသတ်ရန် သဘောတူညီချက်တစ်ခု ရရှိရေးကို ဆောင်ရွက်နေ ကြောင်း ထရမ့်က အရိပ်အမြွက် ပြောကြားခဲ့သည်။

ရုရှားသမ္မတ ပူတင်ကမူ ထိုကိစ္စနှင့် ပတ်သက်ပြီး ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ထုတ်ဖော်ပြောကြား ရာတွင် ဂရင်းလန်းကို ထိန်းချုပ်လိုသည့် ထရမ့်၏ ကြိုးပမ်းမှုအား ရုရှားက ကန့်ကွက်မည် မဟုတ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

ထို့ပြင် ဂရင်းလန်းကျွန်းသည် ဒေါ်လာ ၁ ဘီလီယံ နီးပါး တန်ကြေးရှိနိုင်သည်ဟု ပူတင်က ခန့်မှန်းပြောကြား ခဲ့သည်။ 

ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်

“ဂရင်းလန်းကျွန်းမှာ ဘာတွေပဲဖြစ်ဖြစ် ကျနော်တို့နဲ့ ဘာမှမဆိုင်ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင် ပြောရမယ်ဆိုရင် ဒိန်းမတ်ဟာ ဂရင်းလန်းကို ကိုလိုနီနယ်မြေတစ်ခုလို အမြဲတမ်း ဆက်ဆံခဲ့တာဖြစ်ပြီး အတော်လေးကို ရက်စက် တယ်လို့တောင် ပြောလို့ရတဲ့အထိ ဆက်ဆံခဲ့တာပါ။ ဒါပေမယ့် အဲဒါက တခြားကိစ္စ တစ်ခုဖြစ်သလို အခုအချိန်မှာ တော့ ဘယ်သူကမှလည်း အဲဒါကို စိတ်ဝင်စားပုံ မရပါဘူး” ဟု ပူတင်က ရုရှားလုံခြုံရေးကောင်စီ အစည်းအဝေး တွင် ပြောကြားခဲ့သည်။

၁၈၆၇ ခုနှစ်တွင် ရုရှားနိုင်ငံက အလက်စကာ (Alaska) နယ်မြေကို အမေရိကန်ထံ ဒေါ်လာ ၇.၂ သန်းဖြင့် ရောင်းချ ခဲ့ဖူးကြောင်း၊ ၁၉၁၇ ခုနှစ်တွင် ဒိန်းမတ်နိုင်ငံက ဗာဂျင်းကျွန်းစု (Virgin Islands) ကို အမေရိကန်ထံ ရောင်းချခဲ့ဖူး သည့် ဖြစ်ရပ်များအား ပူတင်က ပြန်ပြောင်းပြောဆိုခဲ့သလို ထိုဖြစ်ရပ်များသည် ယခုကဲ့သို့ နယ်မြေ အရောင်း အဝယ် ပြုလုပ်ခြင်းအတွက် စံနမူနာများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုအချိန်က အလက်စကာ၏ ရောင်းဈေးကို လက်ရှိ ငွေကြေးဖောင်းပွမှုနှုန်း၊ ဂရင်းလန်း၏ ပိုမိုကြီးမားသော အရွယ်အစားနှင့် ရွှေဈေးနှုန်း အပြောင်းအလဲများအပေါ် မူတည်၍ တွက်ချက်ကြည့်ပါက ဒိန်းမတ်ထံမှ ဂရင်းလန်း ကို ဝယ်ယူခြင်းသည် ဒေါ်လာ ၁ ဘီလီယံခန့် ကုန်ကျနိုင်ကြောင်း၊ ထိုပမာဏကို အမေရိကန်က တတ်နိုင်လိမ့် မည်ဟု ထင်မြင်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

Source: ရိုက်တာ