CNI International News

ဆိုးလ်၊ ဇန်နဝါရီ ၂၃

တောင်ကိုရီးယားတွင် သမ္မတဟောင်း ယွန်းဆော့ရွဲ(Yoon Suk Yeol) ၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ်ဟောင်း ဟန်ဒွပ်ဆူး (Han Duck-soo)သည် ဇန်နဝါရီ ၂၁ ရက်က ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံခဲ့ရသည်ဟု CNA မှ ဖော်ပြခဲ့သည်။

ဟန်သည် ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုကို ကူညီပံ့ပို့ပေးခဲ့သဖြင့် ယခုကဲ့သို့ ထောင်ဒဏ် ချမှတ်ခံခဲ့ရ ခြင်းဖြစ်ကြောင်း တရားရုံးက ပြောကြားခဲ့သည်။

ဟန်သည် ဝန်ကြီးချုပ် တစ်ဦးအနေဖြင့် ထမ်းဆောင်ရမည့် တာဝန်နှင့် ဝတ္တရားများကို အလုံးစုံ လျစ်လျူရှုခဲ့သည် ဟု ဆိုးလ်အလယ်ပိုင်း ခရိုင်တရားရုံးမှ တရားသူကြီး လီဂျင်ဂွမ် (Lee Jin-gwan)က အမိန့်ချမှတ်ချိန်တွင် ပြော ကြားခဲ့သည်။

ဟန်ကို ထောင်ဒဏ် ၂၃ နှစ် ချမှတ်ကြောင်း တရားသူကြီးက အမိန့်ချခဲ့ပြီး ထိုပြစ်ဒဏ်သည် အစိုးရရှေ့နေများက တောင်းဆိုထားသည့် ထောင်ဒဏ် သက်တမ်းထက် ၈ နှစ်ပိုသည့် ပြစ်ဒဏ်ဖြစ်သည်။

ပြစ်ဒဏ်ချမှတ်ပြီးနောက် ဟန် (၇၆ နှစ်)ကို အကျဉ်းထောင်သို့ ချက်ချင်း ပို့ဆောင်ရန်လည်း တရားသူကြီးက အမိန့်ထုတ်ပြန်ခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ဟန်ဒွပ်ဆူးကို တွေ့ရစဉ်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အမိန့် ကို ဖျက်ဆီးရန် ရည်ရွယ်ပြီး နိုင်ငံတော်ပုန်ကန်မှုမြောက်သည်ဟု တရားသူကြီးက ပြောကြားခဲ့သည်။

ယွန်းသည် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ပြီးနောက် နာရီပိုင်း အကြာတွင် လွှတ်တော်က ထိုအမိန့်ကို ပယ်ချခဲ့ ကာ ယွန်းအား စွပ်စွဲပြစ်တင်ခဲ့သည်။

ထို့နောက် ပြီးခဲ့သည့်နှစ် ဧပြီလတွင် အခြေခံဥပဒေဆိုင်ရာတရားရုံးက ယွန်းကို သမ္မတရာထူးမှ ဖယ်ရှားခဲ့သည်။

ဟန်သည် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုတွင် ပါဝင် ပတ်သက်ခဲ့သည့်အတွက် တရားရင်ဆိုင်နေရသော အရာရှိဟောင်းများထဲမှ တစ်ဦးဖြစ်သည်။

Source: CNA