CNI International News
ဆိုးလ်၊ ဒီဇင်ဘာ ၆
တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeol)က ဆော်ဒီအာရေဗျဆိုင်ရာ တောင်ကိုရီးယားသံအမတ် ချွဲဗြောင်ဟွတ်(Choi Byung-hyuk)ကို ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် အမည်စာရင်း တင်သွင်းခဲ့ကြောင်း သမ္မတရုံးက ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
သမ္မတယွန်းသည် ကာကွယ်ရေးဝန်ကြီး ကင်မ်ယောင်ဟွန်း(Kim Yong-hyun)၏ နုတ်ထွက်စာကို လက်ခံပြီး နောက် ကာကွယ်ရေးဝန်ကြီးသစ်ကို အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၄ ရက်က ရာထူးမှ နုတ်ထွက်စာ တင်ခဲ့သည့် ကင်မ်သည် ဒီဇင်ဘာ ၃ ရက်က ယွန်း၏ စစ်အုပ်ချုပ်ရေး ကြေညာမှုတွင် အဓိကပုဂ္ဂိုလ်အဖြစ် မြင်တွေ့ရသည်။
ကင်မ်က ယွန်းကို စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ရန် ထောက်ခံ အားပေးခဲ့ကြောင်း အကြီးတန်း စစ်ဘက် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယွန်း၏ ဦးစီးအရာရှိချုပ် ချန်ဂျင်ဆော့(Chung Jin-suk)ကမူ ချွဲသည် ၎င်း၏တာဝန်များကို ဇွဲရှိရှိဖြင့် ထမ်းဆောင် ပြီး စည်းမျဉ်းစည်းကမ်းများကို လိုက်နာသူဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆော်ဒီသံအမတ်အဖြစ် ချွဲဗြောင်ဟွတ် တာဝန်ထမ်းဆောင်စဉ်
ယွန်းသည် ဒီဇင်ဘာ ၃ ရက်က အရပ်ဖက် အုပ်ချုပ်ရေးကို ဆိုင်းငံ့ခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန် ကြေညာခဲ့ကာ စစ်သားများနှင့် ရဟတ်ယာဉ်များကို လွှတ်တော်၌ ဖြန့်ကြက်ချထားခဲ့သည်။
နာရီပိုင်းအကြာတွင် လွှတ်တော်က ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာချက်ကို မဲခွဲပြီး ပယ်ချခဲ့ပြီးနောက် မကြာမီ အချိန်အတွင်းမှာပင် ယွန်းသည် စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
အတိုက်အခံများကမူ ယွန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တရားဥပဒေကို ဆိုးရွားစွာ ချိုးဖောက်ကြောင်း ပြောကြားခဲ့ပြီး စွပ်စွဲပြစ်တင်ရန် အဆိုပြုချက် တင်သွင်းခဲ့သည်။
ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုနှင့်ပတ်သက်ပြီး ပုန်ကန်မှုအတွက် တောင်ကိုရီးယား ရဲတပ်ဖွဲ့က ယွန်း အား စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေကြောင်း ထိပ်သီးရဲအရာရှိတစ်ဦးက ဒီဇင်ဘာ ၅ ရက်တွင် ပြောကြား ခဲ့သည်။
Source: Nikkei Asia