CNI International News

ဆိုးလ်၊ ဩဂုတ် ၂

ရာဇဝတ်မှုစွဲချက်များစွာဖြင့် ရင်ဆိုင်နေရပြီး ထိန်းသိမ်းခံထားရသည့် တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆော့ရွဲ (Yoon Suk Yeol) သည် ဩဂုတ် ၁ ရက်က ၎င်း၏ အချုပ်ခန်းထဲတွင် လှဲလျောင်းနေပြီး စစ်ဆေးမေးမြန်းမှုများကို ဖြေဆိုရန် ငြင်းပယ်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ယွန်းသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အောင်မြင်ခဲ့ခြင်း မရှိသည့် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှုကြောင့် ဧပြီလတွင် အခြေခံဥပဒေဆိုင်ရာတရားရုံးက ယွန်းအား သမ္မတရာထူးမှ ဖယ်ရှားခဲ့သည်။

ထို့နောက် သမ္မတသစ် လီဂျေမြောင် (Lee Jae Myung) လက်ထက်တွင် အထူးတရားစီရင်ရေးအဖွဲ့ဖွဲ့ပြီး ယွန်း၏ အမှုများကို စုံစမ်းစစ်ဆေးနေသည်။

ယွန်း၏ ဇနီးသည်က ယွန်းအား ဖမ်းဝရမ်းနှင့်အညီ ပူးပေါင်းဆောင်ရွက်ရန်နှင့် စစ်ဆေးမေးမြန်းမှုများကို သွားရောက်ဖြေကြားရန် တိုက်တွန်းခဲ့သည်ဟု အထူးတရားစီရင်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြား ခဲ့သည်။

 သမ္မတဟောင်း ယွန်းဆော့ရွဲကို တွေ့ရစဉ်

“ဒါပေမယ့် သံသယရှိသူက စစ်ဆေးမေးမြန်းတာတွေကို ခေါင်းမာမာနဲ့ ငြင်းဆိုနေပါတယ်။ ကြမ်းပြင်ပေါ်မှာ လှဲနေ ပြီး အချုပ်သားဝတ်စုံလည်း ဝတ်ဆင်ထားခြင်း မရှိပါဘူး”ဟု ပြောရေးဆိုခွင့်ရှိသူ အိုဂျွန်ဟီး (Oh Jung-hee) က ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးသူများသည် ယွန်းကို နောက်ရက်များတွင် စစ်ဆေးမေးမြန်း မည်ဖြစ်ပြီး လိုအပ်လာပါက အင်အား သုံး လိမ့်မည်ဟုလည်း အိုဂျွန်ဟီးက ပြောကြားခဲ့သည်။

ယွန်းသည် ၎င်း၏ အချုပ်ခန်းသို့ အစိုးရရှေ့နေများ ရောက်ရှိလာချိန်တွင် ၎င်း၏ အတွင်းခံအင်္ကျီနှင့် အတွင်းခံ ဘောင်းဘီကိုသာ ဝတ်ဆင်ထားကြောင်း ယွန်ဟပ် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

“အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်နီးပါးရှိတဲ့ အချုပ်ခန်း ကျဉ်းကျဉ်းလေးမှာ သူ့ကို ချုပ်နှောင်ထားတာက သူ့ရဲ့ ဂုဏ်သိက္ခာကို တိုင်းသိပြည်သိ စော်ကားတာဖြစ်ပြီး နိုင်ငံတော်က အကျဉ်းသားတွေရဲ့ အခွင့်အရေးကို ချိုးဖောက် နေတယ်ဆိုတာကို ပြသရာရောက်ပါတယ်”ဟု ယွန်း၏ ရှေ့နေတစ်ဦးဖြစ်သည့် ယူဂျောင်ဟွာ (Yu Jeong-hwa) က ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် အစိုးရရှေ့နေများသည် ယွန်းကို ဆိုးလ်မြို့တော် ထိန်းသိမ်းရေးစင်တာတွင် ဇူလိုင်လက ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။

ယွန်းသည် သေဒဏ် သို့မဟုတ် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ် ချမှတ်နိုင်သည့် ပုန်ကန်မှု စွဲချက်နှင့်လည်း သီးခြား တရားရင်ဆိုင်နေရသည်။

Source: ရိုက်တာ