CNI International News

ဘန်ကောက်၊ ဩဂုတ် ၂

ထိုင်းစစ်တပ်သည် နယ်စပ်ဒေသတွင် ဖမ်းဆီးရမိခဲ့သည့် ကမ္ဘောဒီးယားစစ်သား အယောက် ၂၀ ထဲမှ ၂ ယောက်ကို ကမ္ဘောဒီးယားသို့ ပြန်လည်လွှဲပြောင်း အပ်နှံခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းရန်အတွက် လာမည့် သီတင်းပတ်တွင် မလေးရှားနိုင်ငံ၌ ကာကွယ်ရေးဝန်ကြီးများနှင့် စစ်ဘက်တပ်မှူးများ၏ အစည်းအဝေး မတိုင်မီ ထိုကဲ့သို့ လွှဲပြောင်းအပ်နှံခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားစစ်သား ၂ ဦးကို ကမ္ဘောဒီးယားသို့ ပြန်လည်လွှဲပြောင်း အပ်နှံခဲ့ပြီး ကျန်စစ်သား ၁၈ ဦးအား လူဝင်မှု ကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ စီမံဆောင်ရွက်နေကြောင်း ထိုင်းအစိုးရ ပြောရေး ဆိုခွင့်ရှိသူ ဂျီရာယူ ဟောင်ဆပ် (Jirayu Houngsub) က ပြောကြားခဲ့သည်။
 
“ကမ္ဘောဒီးယား စစ်သားတွေက ထိုင်းနယ်နိမိတ်ထဲ ကျူးကျော်ဝင်ရောက် လာတာကြောင့် စစ်တပ်က သူတို့ကို ဖမ်းပြီး ထိန်းသိမ်းခဲ့တာပါ။ သူတို့တွေကိုလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စည်းကမ်းတွေနဲ့ ဆက်ဆံ ပေးခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းက ကမ္ဘောဒီးယားကို စစ်သား ၂ ဦး လွှဲပေးနေစဉ်

ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနကမူ ထိုင်းတွင် ဖမ်းဆီးခံထားရသည့် ကမ္ဘောဒီးယားစစ်သားများ အားလုံး ကို ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က ထိုင်းနှင့်ကမ္ဘောဒီးယားကြား အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု၊ တိုက်လေယာဉ် များဖြင့် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် တိုက်ခိုက်မှုများ ၅ ရက်ကြာ ဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင် ၂၈ ရက် တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုများကြောင့် နှစ်နိုင်ငံစလုံးတွင် လူ ၄၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူပေါင်း ၃၀၀,၀၀၀ ခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ထိုင်းနှင့် ကမ္ဘောဒီးယားကို အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မယူပါက နှစ်နိုင်ငံစလုံးအပေါ် ကုန်သွယ်ခွန် တိုးမြှင့်မှုနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများကို ပယ်ဖျက်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ခြင်းဖြစ်သည်။

ထိုင်းနှင့်ကမ္ဘောဒီးယားကို ကုန်သွယ်ခွန် ၃၆ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဟု ထရမ့်က အစောပိုင်းတွင် ကြေညာခဲ့သော်လည်း ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ၁၉ ရာခိုင်နှုန်းစီသာ တိုးမြှင့်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ကြေညာခဲ့သည်။

Source: ရိုက်တာ