CNI International News

ဘန်ကောက်၊ ဇူလိုင် ၂၅

ဇူလိုင် ၂၄ ရက်က ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်ဒေသတွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး လူသေဆုံး မှုများရှိခဲ့ကာ တင်းမာမှုများ ပိုမိုမြင့်တက်လာကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ကမ္ဘောဒီးယားဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ထိုင်း၏ ပြည်နယ် ၃ ခုတွင် အရပ်သား ၉ ဦးသေဆုံးကာ ၁၄ ဦး ဒဏ်ရာရကြောင်း ထိုင်းဘက်က ထုတ်ပြန်ခဲ့သည်။ 

ထို့နောက် ထိုင်းစစ်တပ်က ကမ္ဘောဒီးယားကို လေကြောင်းတိုက်ခိုက်ခဲ့သည်။

မေလက နှစ်နိုင်ငံနယ်စပ်တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုဖြစ်ရပ်သည် ယခုနှစ်အတွင်း ဒုတိယမြောက် ပစ်ခတ်မှုဖြစ်ခဲ့သည်။

ထိုင်းစစ်တပ်ကို တွေ့ရစဉ်

မေလက ပထမအကြိမ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးကတည်းက ထိုင်းနှင့်ကမ္ဘောဒီးယားသည် သံတမန်ဆက်ဆံရေး များကို လျှော့ချခဲ့ကာ နယ်စပ်ဒေသတွင် အပြန်အလှန် တင်းကျပ်မှုများ ပြုလုပ်ခဲ့သည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး ထိုင်းတွင် ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (Hun Sen) နှင့် ပြောကြားခဲ့သည့် အသံဖိုင် ပေါက်ကြားခဲ့ကာ ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ခံခဲ့ရသည်။

ထိုင်းနှင့် ကမ္ဘောဒီးယားသည် ကီလိုမီတာ ၈၀၀ အရှည်ရှိ နယ်စပ်ချင်း ထိစပ်နေပြီး ထိုနယ်စပ်အား ပြင်သစ်က အင်ဒို-ချိုင်းနားကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့ချိန်အတွင်း ၁၉၀၇ ခုနှစ်က ရေးဆွဲခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားက ပြင်သစ်ရေးဆွဲခဲ့သည့် မြေပုံကို ကိုးကားပြီး နယ်နိမိတ် ပိုင်ဆိုင်ကြောင်း ပြောကြားခဲ့ကာ ထိုင်းကမူ ထိုမြေပုံသည် မှန်ကန်တိကျမှုမရှိကြောင်း စောဒကတက်ခဲ့သည်။

နှစ်နိုင်ငံကြား အထင်ရှားဆုံးနှင့် အဆိုးရွားဆုံး ပဋိပက္ခများသည် နှစ်သက်တမ်း ၁၀၀၀ ခန့်ရှိ Preah Vihear ဘုရားကျောင်းပိုင်ဆိုင်မှု အငြင်းပွားခဲ့ခြင်းကြောင့် ဖြစ်သည်။

ကမ္ဘောဒီးယားစစ်တပ်ကို တွေ့ရစဉ်

၁၉၆၂ ခုနှစ်တွင် နိုင်ငံတကာတရားရုံး (ICJ) က ထိုဘုရားကျောင်းကို ကမ္ဘောဒီးယား ပိုင်ဆိုင်ကြောင်း စီရင်ချက် ချခဲ့သဖြင့် ထိုစီရင်ချက်သည် ထိုင်းနှင့် ကမ္ဘောဒီးယားကြား ဆက်ဆံရေးကို တင်းမာစေခဲ့သည်။

ထိုင်းနှင့် ကမ္ဘောဒီးယားကြား တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားခဲ့ပြီးနောက် လူ ၂၀ ခန့် သေဆုံးကာ လူပေါင်း ထောင်ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။

ထို့နောက် ကမ္ဘောဒီးယားက ၂၀၁၁ ခုနှစ်တွင် ထိုပြဿနာကို ICJ သို့ ထပ်မံတင်ပြခဲ့သည်။ ၂၀၁၃ ခုနှစ်တွင်လည်း ICJ က ကမ္ဘောဒီးယားဘက်မှ ရပ်တည်ခဲ့သည်။

ယခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ပြဿနာကိုလည်း ကမ္ဘောဒီယားက ICJ ကို ထပ်မံတင်ပြခဲ့သော်လည်း ထိုင်းနိုင်ငံက ICJ ၏ စီရင်ချက်ကို ငြင်းပယ်ခဲ့သည်။

Source: အေပီ