CNI International News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆

၂၀၂၅ ခုနှစ်၊ မေလ ၂၈ ရက်က ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်တွင် နှစ်နိုင်ငံ စစ်သားများကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံ တင်းမာမှုများ မြင့်တက်လာသည့် အခြေအနေသည် အာဆီယံကို ဂယက်ရိုက်ခတ်လာခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။

ထိုပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ကမ္ဘောဒီးယားနှင့်ထိုင်းသည် နယ်စပ်ဒေသတွင် စစ်အင်အားကို တိုးမြှင့်ခဲ့ကာ အပြန်အလှန် တားမြစ်ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။

ကမ္ဘောဒီးယားက ထိုင်းရုပ်ရှင်များကိုပိတ်ခြင်း၊ အင်တာနက်လိုင်းများကို ဖြတ်တောက်ခြင်း၊ ထိုင်းနိုင်ငံမှ လောင်စာ နှင့် ဓာတ်ငွေ့ တင်သွင်းမှုများကို ဆိုင်းငံ့ခြင်းတို့ ပြုလုပ်ခဲ့ကာ ထိုင်းဘက်ကလည်း နယ်စပ်ဂိတ်များ၌ စည်းကမ်း တင်းကျပ်မှုများ ပြုလုပ်ခဲ့သည်။

ထို့ပြင် ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခသည် မြန်မာ့အရေးကို ဖြေရှင်းနိုင်ခြင်း မရှိသဖြင့် ဖိအားများနှင့် ရင်ဆိုင်နေ ရသည့် အာဆီယံအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။

ဇွန်လ ၆ ရက်က အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က သူသည် ထိုင်းနှင့်ကမ္ဘောဒီးယား ခေါင်းဆောင်များနှင့် သီးခြားစီ ဆွေးနွေးခဲ့ပြီး ပဋိပက္ခကို ကြားဝင်စေ့စပ်ပေးလိုကြောင်း ကမ်းလှမ်းခဲ့သည်။

ထိုင်းတပ်ဖွဲ့ကိုတွေ့ရစဉ်

သို့သော် အာဆီယံသည် ကြားဝင်မစွက်ဖက်ရေးမူနှင့် အများသဘောဆန္ဒ ရယူရမည့် မူဝါဒများကြောင့် အဖွဲ့ဝင် နိုင်ငံများ၏ ပြဿနာများကို ဖြေရှင်းရာတွင် ထိရောက်မှု သိပ်မရှိခဲ့ပေ။

နယ်စပ်ဒေသပြဿနာကို ကမ္ဘောဒီးယားက နိုင်ငံတကာတရားရုံး (ICJ) တွင် ဖြေရှင်းရန် စီစဉ်နေပြီး ထိုင်းနိုင်ငံက မူ နှစ်နိုင်ငံနယ်စပ်ရေးရာကော်မတီဖြင့် ဖြေရှင်းရန်သာ ဆန္ဒရှိနေသည်။

လက်ရှိတွင် ထိုပဋိပက္ခသည် အဖွဲ့ဝင်နိုင်ငံများကြား စစ်မဖြစ်စေရန် ဟန့်တားနိုင်စွမ်း အားနည်းသည့် အာဆီယံ အဖွဲ့၏ အခြေအနေကို ပြသရုံသာမကဘဲ ပထဝီနိုင်ငံရေး အကျပ်အတည်းများအား ဖြေရှင်းရာတွင် စည်းလုံး ညီညွတ်မှု လျော့ရဲနေသော အနေအထားကိုလည်း ပေါ်လွင်စေခဲ့သည်။

ထို့ကြောင့် လာမည့် သီတင်းပတ်များအတွင်း ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခ ပိုမိုအရှိန်မြင့်လာမည်ဆိုပါက အာဆီယံအတွက် ပိုမိုကြီးမားသည့် စိန်ခေါ်မှုများကို ရင်ဆိုင်လာရနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ သည်။

Source: CAN