CNI International News
ဘန်ကောက်၊ ဇူလိုင် ၂၃
မေလက ထိုင်းနှင့်ကမ္ဘောဒီးယားနယ်စပ်တွင် နှစ်နိုင်ငံစစ်သားများကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး တင်းမာ မှုများ မြင့်တက်နေသည့် ထိုင်း-ကမ္ဘောဒီးယားပြဿနာသည် အာဆီယံအတွက် စိန်ခေါ်မှုဖြစ်နေသည်ဟု The Nation မှ ဖော်ပြခဲ့သည်။
အာဆီယံသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ရရှိအောင် လုပ်ဆောင်မည်ဟု သန္နိဋ္ဌာန် ချထားသည့်တိုင် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရဆိုသည့် မူဝါဒများကြောင့် ထိုပြဿနာကို ဖြေရှင်းရာ တွင် အဖွဲ့အစည်း၏ ဩဇာလွှမ်းမိုးမှုသည် အကန့်အသတ် ရှိနေသည်။
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင် (Phnom Penh) မြို့တော်တွင် ဇူလိုင် ၁၇ ရက်က ပြုလုပ်သည့် ဆွေးနွေးပွဲ တစ်ခု၌ ပဋိပက္ခများအား ဖြေရှင်းရာတွင် အာဆီယံ၏ အခန်းကဏ္ဍအကြောင်းကို ကျွမ်းကျင်သူများက ဆွေးနွေးခဲ့ကြသည်။
ထိုဆွေးနွေးပွဲအတွင်း အဓိကကျသည့် အချက်တစ်ချက်မှာ အာဆီယံ အတွင်းရေးမှူးချုပ်၏ အခန်းကဏ္ဍဖြစ်သည်။
ကမ္ဘောဒီးယားနဲ့ထိုင်း နယ်စပ်ပြဿနာ ဆွေးနွေးမှုကို တွေ့ရစဉ်
လက်ရှိ အာဆီယံအတွင်းရေးမှူးချုပ်သည် ကမ္ဘောဒီးယားနိုင်ငံသား ကာအိုကင်ဟွန်း (Kao Kim Hourn) ဖြစ်နေ သဖြင့် ထိုအတွင်းရေးမှူးချုပ်၏ အခန်းကဏ္ဍကို ထိုင်းနိုင်ငံက ရာနှုန်းပြည့် ယုံကြည်မှု မရှိခြင်းဖြစ်သည်။
ထို့ကြောင့် ကြားဝင်စေ့စပ်မှုများတွင် အတွင်းရေးမှူးချုပ်၏ အခန်းကဏ္ဍသည် ဘက်လိုက်မှု ရှိ၊ မရှိဆိုသည့် မေးခွန်းများနှင့် ရင်ဆိုင်ခဲ့ရပြီး ယခင်က ကြားဝင်စေ့စပ်မှုများသည် အောင်မြင်ခြင်းမရှိခဲ့ပေ။
ဥပမာတစ်ခုအနေဖြင့် ၂၀၀၈ ခုနှစ်က ကမ္ဘောဒီးယားနှင့် ထိုင်းကြား နယ်စပ်ပဋိပက္ခ ဖြစ်ပွားတုန်းက အာဆီယံ အတွင်းရေးမှူးချုပ်မှာ ထိုင်းနိုင်ငံသား ဆူရင် ပစ်ဆူဝမ် (Surin Pitsuwan) ဖြစ်သည်။
ထို့ကြောင့် ကမ္ဘောဒီးယားသည် ဆူရင်ကို ဘက်လိုက်မှုရှိသည်ဟု ရှုမြင်ခဲ့ပြီး အာဆီယံ၏ ကြားနေရပ်တည်မှုအပေါ် ယုံကြည်မှုမရှိခဲ့ပေ။
ထိုကဲ့သို့ အာဆီယံ အတွင်းရေးမှူးချုပ် နေရာတွင် ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံသားများဖြစ်နေခြင်းက ပဋိပက္ခကို ကြားဝင်ဖြေရှင်းရာ၌ အာဆီယံ၏ အခန်းကဏ္ဍကို ပိုမိုခက်ခဲ စေခဲ့ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ ကြသည်။
Source: The Nation