နယ်စပ်ပြဿနာ စစ်တပ်တွင် လုပ်ပိုင်ခွင့်ရှိဟု ပေတုန်တန် ပြော
CNI International News
ဘန်ကောက်၊ ဇွန်လ ၇
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသပြဿနာကို ထိန်းချုပ်ထားနိုင်သည့် အခြေအနေတွင် ရှိနေဆဲဖြစ်ပြီး အစိုးရနှင့် စစ်တပ်ကြား သဘောထား ကွဲလွဲခြင်းမရှိကြောင်း ထိုင်းဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra) က ပြောကြားခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ပဋိပက္ခတွင် ထိတွေ့ဆက်ဆံမှုနှင့် ပတ်သက်သည့် မည်သည့် ဆုံးဖြတ်ချက်ကိုမဆို မြေပြင်ရှိ စစ်ဘက်တပ်မှူးများ ကို လွှဲအပ်သွားမည်ဖြစ်ကြောင်း၊ သို့သော် အစိုးရသည် တင်းမာမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးအား ဦးစားပေး လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဇွန်လ ၆ ရက်က ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာကို ဖြေရှင်းရန် အမျိုးသားလုံခြုံရေးကောင်စီ (NSC) နှင့် အစည်းအဝေး ပြုလုပ်ချိန်တွင် ပေတုန်တန်က အရေးပေါ် အစီအစဉ်များလည်း ရေးဆွဲထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးချုပ်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သည့် ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) သည် ကမ္ဘောဒီးယားနိုင်ငံ၏ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် အခြေအနေသည် တည်ငြိမ်စွာ ရှိနေဆဲဖြစ်ကြောင်း ပေတုန်တန်က ဆိုသည်။
ပုံစာ- ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
“စစ်တပ်နဲ့ အစိုးရက အနီးကပ်ပူးပေါင်း ဆောင်ရွက်နေပါတယ်။ အစိုးရနဲ့ စစ်တပ်ကြား သဘောထား ကွဲလွဲမှု မရှိပါဘူး။ ကျမတို့ဟာ မတူညီတဲ့ တာဝန်တွေကို ကိုယ်စီကိုယ်စီ ထမ်းဆောင်နေရတယ်ဆိုတာ သိပါတယ်။ ပြီးတော့ ကောင်းမွန်စွာ ညှိနှိုင်းဆောင်ရွက်နေပါတယ်” ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
ထို့ပြင် စည်းလုံးညီညွတ်ချင်းသည် အဓိကကျကြောင်း စစ်တပ်ကို အစိုးရက အပြည့်အဝ ထောက်ခံပေးထားပြီး စစ်တပ်ကလည်း အစိုးရကို အပြည့်အဝ ထောက်ခံပေးထားကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။
မိမိအနေဖြင့် စစ်စည်းကမ်းကျင့်ဝတ်နှင့် အမိန့်နာခံတတ်မှုကို ကောင်းမွန်စွာ နားလည်ကြောင်း၊ စစ်မြေပြင် တပ်မှူးများသည် ပဋိပက္ခကို ဆင်နွှဲမည် ဟုတ်၊မဟုတ် အပါအဝင် မြေပြင် အခြေအနေနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်ရန် အာဏာာရှိကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
“စစ်တပ်ကလည်း အင်အားအသုံးပြုမှုကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်မယ့် အကြောင်းနဲ့ ဆိုးရွားပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို ရှောင်လွှဲမယ်လို့ ကတိပြုထားပါတယ်။ အစိုးရကလည်း ဒါကို အပြည့်အဝ ထောက်ခံပါတယ်” ဟု ၎င်းက ဆိုသည်။
ထိုင်းစစ်တပ်ကလည်း နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် အဆင့်မြင့် စစ်ဆင်ရေးတစ်ခုကို အသင့် ပြင်ထားကြောင်း ဇွန်လ ၅ ရက်နှောင်းပိုင်းက ထုတ်ပြန်ခဲ့သည်။
Source: The Nation