CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၁၇
ထိုင်းအာဏာပိုင်များက ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ဖြင့် နိုင်ငံအတွင်းသို့ ဝင်ရောက်နေသည့် ကမ္ဘောဒီးယား နိုင်ငံသားများနှင့် အန္တရာယ်ရှိသည်ဟု ယူဆရသော ပြည်ပခရီးသွားအုပ်စုများကို နယ်စပ်စစ်ဆေးမှုများအား တင်းကျပ်ခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ကမ္ဘောဒီးယားစပိုင်များနှင့် ကြေးစားစစ်သားများသည် အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ထိုင်းနယ်နိမိတ်အတွင်း စိမ့်ဝင်ထိုးဖောက်နေကြောင်း ထောက်လှမ်းရေးသတင်းများ ရရှိခဲ့ပြီးနောက် နယ်စပ်တွင် စစ်ဆေးရေး အစီအစဉ်များကို တင်းကျပ်ခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ် အနူတင် (Anutin Charnvirakul) သည် ဒီဇင်ဘာ ၁၅ ရက်က အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် ချက်ချိုင်း ဘန်ချွတ် (Chatchai Bangchuad) နှင့်အတူ အစိုးရအိမ်တော်တွင် အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီး ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် အဖျက်အမှောင့် လုပ်ငန်းများနှင့် ကြေးစား စစ်သားများ ဝင်ရောက်နေသည့် သတင်းများ အပါအဝင် စိုးရိမ်စရာကောင်းသော အရေးကိစ္စများကို ဆွေးနွေးခဲ့ကြ သည်။

ထိုင်းနယ်စပ် လုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ်
ထိုင်းရဲတပ်ဖွဲ့၏ ရဲဗိုလ်ချုပ် ချောင်ဂရွန် ရင်မ်ဖာဒီ (Choengron Rimphadee) ကမူ ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်တွင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ချိန်ကတည်းက နှစ်နိုင်ငံကြား ခရီးသည်တင် လေကြောင်းလိုင်းများကို ပုံမှန်အတိုင်း ဆက်လက် ပြေးဆွဲနေကြောင်း ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ လုံခြုံရေး အခြေအနေများကြောင့် ပြီးခဲ့သည့် သီတင်းပတ်မှစပြီး လေဆိပ်များတွင် အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်နိုင်ခြေရှိသည်ဟု ယူဆရသည့် ပြည်ပနိုင်ငံသား အုပ်စုများကို စစ်ဆေးမှုများ တင်းကျပ်ခဲ့ သည်။
ထိုကဲ့သို့ စစ်ဆေးမှုများ တင်းကျပ်သည့် အစီအမံများကို အုပ်စုနှစ်စုအပေါ် အဓိကထားပြီး ပြုလုပ်ခဲ့သည်။

ထိုင်းနယ်စပ် လုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ်
ပထမအုပ်စုမှာ ထိုင်းနှင့်ကမ္ဘောဒီးယားကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ဖြင့် လေကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ကမ္ဘောဒီးယား နိုင်ငံသားများဖြစ်ပြီး ဒုတိယ အုပ်စုမှာ အရှေ့ဥရောပနှင့် အာရှအထက်ပိုင်းမှ ကြေးစားစစ်သားများဟု သံသယဖြစ်ဖွယ် လူအုပ်စုများဖြစ်သည်။
ထိုင်းတွင် တရားဝင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ကမ္ဘောဒီးယား နိုင်ငံသားများ အနေဖြင့် ပဋိပက္ခ ဖြစ်ပွားနေသော ကာလအတွင်း ထိုင်းသို့ လာရောက်မည်ဆိုပါက ပြည်ပရှိ ထိုင်းသံရုံများတွင် သင့်တော်သည့် ဗီဇာ အမျိုးအစားများ လျှောက်ထားရန် လိုအပ်ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ရဲဗိုလ်ချုပ် ချောင်ဂရွန်က ပြောကြားခဲ့သည်။
ထို့ပြင် လူဝင်မှုကြီးကြပ်ရေးဗျူရိုသည် သံသယဖြစ်ဖွယ် ပြည်ပကြေးစား စစ်သားများနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို ပိုမိုရရှိရန် လုံခြုံရေးနှင့် ထောက်လှမ်းရေး အေဂျင်စီများဖြင့် ပူးပေါင်း ဆောင်ရွက်နေသည် ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
