CNI International News

ဆစ်ဒနီ၊ ဒီဇင်ဘာ ၁၇

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီ (Sydney) မြို့ရှိ ဘွန်ဒီကမ်းခြေ (Bondi Beach) တွင် ဒီဇင်ဘာ ၁၄ ရက်က ဂျူး မီးထွန်းပွဲတော်ကို ပစ်မှတ်ထားခဲ့သည့် တိုက်ခိုက်မှုသည် အိုင်အက်စ် အကြမ်းဖက်အဖွဲ့၏ အယူဝါဒ စေ့ဆော်မှု ကြောင့်ဖြစ်‌ကြာင်း ဩစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့၏ ရဲမင်းကြီး ခရစ္စီ ဘာရက် (Krissy Barrett)က ပြောကြားခဲ့ သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

လူ ၁၅ ဦး သေဆုံးခဲ့သည့် ထိုပစ်ခတ်မှုကို အသက် ၅၀ အရွယ်နှင့် အသက် ၂၄ နှစ်အရွယ် သားအဖနှစ်ဦးက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ဆာဂျစ် အက်ခရမ် (Sajid Akram) အမည်ရှိ ဖခင်ဖြစ်သူသည် ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့ပြီး ၎င်း၏ သားဖြစ်သူသည် ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတွင် ကုသမှုခံယူနေရသည်။

ဒီဇင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပစ်ခတ်မှု ကျူးလွန်ခဲ့သည့် သံသယရှိသူများသည် အိုင်အက်စ် အကြမ်းဖက်အဖွဲ့၏ အယူဝါဒ လွှမ်းမိုးခြင်း ခံခဲ့ရကြောင်း အရာရှိများက ပထမဆုံးအကြိမ် အတည်ပြု ခဲ့သည်။

ဘွန်ဒီကမ်းခြေ ပစ်ခတ်မှု သေနတ်သမားကို ဖမ်းခဲ့သူကို ဩစတြေးလျဝန်ကြီးချုပ်က တွေ့ဆုံစဉ်

သံသယရှိသူများ၏ ကားထဲမှ သိမ်းဆည်းရမိခဲ့သည့် အိုင်အက်စ်အဖွဲ့၏ အလံများ အပါအဝင် စုဆောင်းရရှိခဲ့သော သက်သေ အထောက်အထားများအပေါ် အခြေခံပြီး သံသယရှိသူများသည် အိုင်အက်စ်အဖွဲ့၏ အယူဝါဒ လွှမ်းမိုး ခြင်း ခံထားရကြောင်း မှတ်ချက်ချခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးချုပ် အန်သိုနီ (Anthony Albanese) က ပြောကြား ခဲ့သည်။

ဒီဇင်ဘာ ၁၄ ရက်က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကြောင့် လူ ၂၅ ဦး ဆေးရုံ တင်ထားရဆဲဖြစ်ပြီး ၁၀ ဦးမှာ အသက် အန္တရာယ် စိုးရိမ်ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲသည်။

ဒဏ်ရာရသူများထဲတွင် လူမှုမီဒီယာများပေါ်၌ ပျံ့နှံ့ခဲ့သည့် ဗွီဒီယိုတစ်ခုအတွင်း သေနတ်သမားတစ်ဦးကို ဝင်လုံးပြီး သေနတ်ကို လုယူခဲ့သည့် အာမက် အယ် အာမက် အမည်ရှိ အမျိုးသားလည်း ပါဝင်ခဲ့သည်။

သေဆုံးခဲ့သူများကို ဝမ်းနည်းကြောင်း ပြသထားစဉ်

ဩစတြေးလျ ဝန်ကြီးချုပ် အန်သိုနီက ဆေးရုံတွင် ကုသမှုခံယူနေသည့် အာမက် အယ် အာမက်ကို သွားရောက် တွေ့ဆုံခဲ့ပြီး ယခုကဲ့သို့ ဩစတြေးလျ သူရဲကောင်းနှင့် တွေ့ဆုံခွင့်ရသည့်အတွက် အလွန်ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

သေဆုံးသူများထဲတွင် အသက် ၁၀ နှစ်မှ ၈၇ နှစ်အရွယ် အသက် အပိုင်းအခြား အမျိုးမျိုး ပါဝင်ခဲ့သည်။ 

၎င်းတို့သည် ဒီဇင်ဘာ ၁၄ ရက်က ဘွန်ဒီကမ်းခြေတွင် ဂျူးမီးထွန်းပွဲ အခမ်းအနားကို တက်ရောက်လာချိန်၌ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

လက်ရှိတွင် ဩစတြေးလျ ဝန်ကြီးချုပ် အန်သိုနီနှင့် အခြား ဩစတြေးလျ ခေါင်းဆောင်များက သေနတ် ကိုင်ဆောင်ခွင့် ဥပဒေများကို တင်းကျပ်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

Source: အေပီ