CNI International News

ကင်ဘာရာ၊ ဧပြီ ၇

သြစတြေးလျရေတပ်သည် ကျယ်ပြန့်သည့် ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာတို့ ဝန်းရံထားသည့် ကီလိုမီတာ ၃၄,၀၀၀ (မိုင် ၂၁,၀၀၀) ရှည်လျားသည့် ၎င်း၏ကမ်းရိုးတန်းနှင့် သြစတြေးလျတိုက်ကို ကာကွယ်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

သို့သော် အာရှ-ပစိဖိတ်ဒေသတွင် ပဋိပက္ခများ၏ ခြိမ်းခြောက်မှု မြင့်တက်လာသည်နှင့်အမျှ သြစတြေးလျ ရေတပ် သည် ကာကွယ်ရေးကဏ္ဍ၌ စွမ်းဆောင်ရည် ကွာဟမှုများနှင့် ရင်ဆိုင်လာခဲ့ရသည်။

သက်တမ်းရင့်ပြီး အိုဟောင်းနေသည့် စစ်သင်္ဘောအုပ်စုနှင့် ပစ်ခတ်နိုင်စွမ်း အားနည်းနေသည့် အခြေအနေတို့ ကြောင့် သြစတြေးလျသည် စစ်ပွဲဖြစ်ပွား လာခဲ့မည်ဆိုပါက မည်ကဲ့သို့ အရေးတကြီး ပြင်ဆင်ရမည်ဆိုခြင်းအပေါ် အငြင်းအခုံများ မြင့်တက်လာစေခဲ့သည်။

“ဩစတြေးလျမှာ အင်အားကြီးတဲ့ ရန်သူနဲ့ ပဋိပက္ခ ဖြစ်ပွားလာခဲ့မယ်ဆိုရင် ရေရှည်မှာ တွန်းလှန်နိုင်စွမ်း မရှိပါ ဘူး” ဟု စစ်ဘက်ဆိုင်ရာ သမိုင်းပညာရှင် ဂျွန် စတိုရေး (John Storey) က မကြာသေးမီက ပြုလုပ်သည့် ပြည်သူ့ရေးရာအင်စတီကျု ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ဩစတြေးလျရေတပ် စစ်သင်္ဘောကို တွေ့ရစဉ်

“စက်ပစ္စည်း ဆုံးရှုံးမှုတွေကို အစားမထိုးနိုင်ပါဘူး။ လက်နက်ခဲယမ်းတွေကိုလည်း ကိုယ်တိုင် မထုတ်လုပ်နိုင်ပါဘူး။ ပဋိပက္ခဖြစ်လာရင် ကျ‌နော်တို့ရဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည်တွေ၊ အင်အားတွေကို မြှင့်တင်မပေး နိုင်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

လက်ရှိတွင် ရေတပ်ကို အဆင့်မြှင့်တင် မွမ်းမံရန် အချိန်မလုံလောက်တော့မည့် အခြေအနေအတွက် စိုးရိမ်မှုများ လည်း မြင့်တက်နေသည်။

အိမ်နီးချင်းနိုင်ငံများတွင် စစ်ပွဲအငွေ့အသက်များ ပေါ်ပေါက်နေခြင်း၊ မဟာမိတ်များအပေါ် ထားရှိသည့် အမေရိကန်၏ ကတိကဝတ်များအပေါ် သံသယများ ပေါ်ပေါက်နေခြင်းတို့နှင့်အတူ ဒေသတွင်း ပဋိပက္ခဖြစ်ပွား နိုင်ခြေနှင့် ပတ်သက်ပြီး ထင်ကြေးပေးမှုများလည်း ထွက်ပေါ်နေသည်။

သြစတြေးလျရေတပ်၏ စစ်သင်္ဘောအုပ်စုတွင် အကြီးစား တိုက်ခိုက်ရေးစစ်သင်္ဘော ၁၀ စင်းသာရှိပြီး ၃ စင်းမှာ Hobart အမျိုးအစား လေကြောင်းကာကွယ်ရေး ဖျက်သင်္ဘောများဖြစ်ကာ ၇ စင်းမှာ သက်တမ်းရင့်နေပြီဖြစ်သည့် ဘက်စုံသုံး Anzac အမျိုးအစား ဖရီးဂိတ်စစ်သင်္ဘောများဖြစ်သည်။

Source: South China Morning Post